Home သတင်း တိုက်ပွဲကြောင့် ဝေါလေ နှင့် ထီးကပလယ် ကားလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုရန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ သတိပေးထုတ်ပြန်

တိုက်ပွဲကြောင့် ဝေါလေ နှင့် ထီးကပလယ် ကားလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုရန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ သတိပေးထုတ်ပြန်

834
Photo: KNDO

ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကော့ကရိတ်မြို့နယ် ဝေါလေ နှင့် ထီးကပလယ် ကားလမ်းမကြီးကို အရပ်သားများ အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဖြတ်သန်းသွားခြင်းမပြုရန် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) အမှတ်(၈) တပ်ရင်းက ယနေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်လိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ တိုက်ပွဲပြီးဆုံးသည်အထိ အဆိုပါ ဝေါလေ- ထီးကပလယ် လမ်းမကြီးကို အသုံးပြု၍ ကား၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာကြခြင်းမပြုရန် သတိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

KNDO တပ်ရင်း(၈) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောအယ်မြထူးက “ဒီနေ့ ထီးကပလယ်မှာဖြစ်တဲ့ တိုက်ပွဲက နည်းနည်းလေး ပြင်းထန်လာတဲ့အတွက် အရပ်သားတွေ အပြင်ထွက်ရင် လုံခြုံရေး အန္တရာယ်ရှိတဲ့အတွက် ဒီစာကို ဒီမှာရှိတဲ့ လက်နက်ကိုင် အားလုံးရဲ့ သဘောထားနဲ့ ထုတ်ပြန်လိုက်တာပါ။ ”ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ကို KNDO အပြင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကော်သူးလေတပ်မတော်-KTLA စသည့် တော်လှန်ရေး အင်အားစုများ၏ သဘောထားဖြင့် ယခုလို သတိပေး ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း ဒု-ဗိုလ်မှူးကြီး စောအယ်မြထူးက ဆက်ပြောသည်။

ထုတ်ပြန်ချက်အပေါ် ဝေါလေဒေသခံတစ်ဦးက “ ရွာသားတွေကတော့ ဒီရက်ပိုင်းသူတို့( တော်လှန်ရေးအဖွဲ့) လှုပ်ရှားဖို့ရှိတယ်ဆိုတဲ့ သတင်းကြားထားတော့ လမ်းအသုံးပြု မသွားကြတော့ဘူး။ ရွာကလူကြီးတွေလည်း သတိပေးလာတာရှိပါတယ်။ အခြေအနေကိုတော့ စောင့်ကြည့်နေတုန်းပါပဲ။ တိုက်ပွဲပြင်းထန်လာမှာကိုတော့ စိုးရိမ်တာပေါ့နော်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် တော်လှန်ရေး လက်နက်ကိုင် အင်အားစုများနှင့် ထီးကပလယ် ဒေသ အခြေစိုက် လှုပ်ရှားနေသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၃၂) နှင့် ခြေမြန်တပ်ရင်း (ခမရ-၅၈၅)တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွား နေပြီး စစ်ကောင်စီ ဘက်မှ ဒုတပ်ရင်းမှူးအဆင့်ရှိသူ သေဆုံးသွားကြောင်းလည်း တော်လှန်ရေး အင်အားစုများ နှင့် နီးစပ်သူများထံမှ သိရသည်။