Home သတင်း ကွမ်းသီး အဝယ်ရပ်ထားသောကြောင့် ကွမ်းသီးကို အဓိကလုပ်ကိုင်သူများ အနေဖြင့်အခက်တွေ့

ကွမ်းသီး အဝယ်ရပ်ထားသောကြောင့် ကွမ်းသီးကို အဓိကလုပ်ကိုင်သူများ အနေဖြင့်အခက်တွေ့

807
Photo: Crd.

ဖေဖော်ဝါရီလ ၇ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကွမ်းသီးအဝယ်ဒိုင်များတွင် အဝယ်ရပ်ထား သောကြောင့် ကွမ်းသီး လုပ်ငန်း အဓိက လုပ်ကိုင်သူများအနေဖြင့် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သည့် အရှေ့တောနယ် ဒေသခံများ ကပြောသည်။

ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းလောက်တွင် ကွမ်းသီးအဝယ်ရပ်ထားသောကြောင့် ကွမ်းသီး လုပ်ငန်းကို အဓိကလုပ်ကိုင်သည့် အရှေ့တောနယ်ရှိ ဒေသခံများအနေဖြင့် အခက်ကြုံနေကြ ရကြောင်း ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူ ခမောင်းသွယ် ကျေးရွာ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ထားဝယ်မှာကွမ်းသီးအဝယ်ရပ်ထားတယ်။ ကွမ်းသီးအားကိုးတဲ့ ကျမတို့ဘက်က တော်တော်လေး ကိုဒုက္ခရောက်တယ်။ ပွဲရုံတွေကတော့ ပိုက်ဆံမရှိလို့ အရောင်းအဝယ်ရပ်တယ်တဲ့။ အစ်မတို့ ခမောင်းသွယ်မှာက ကွမ်းသီးကအဓိကဝင်ငွေပဲ။ ပြီးတော့ လမ်းခရီးကလည်း သယ်သွားသယ် လာရတာ ဂိတ်ကြေးနဲ့ တင်ဘာမှကျန်တာမဟုတ်ဘူး။ အဲ့ဒါကြောင့်လည်းပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အရှေ့တောနယ်ရှိ ဒေသတချို့တွင်လည်း စစ်ကောင်စီ နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြားတိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် ကွမ်းသီးခြောက်များရှားပါးပြီး ကွမ်းသီး များကို ရရာစျေးဖြင့် ရောင်းချရသောကြောင့် ကွမ်းသီးစျေး ထိုးကျပြီး အရောင်းအဝယ်ရပ်သွား ရခြင်းဖြစ်ကြောင်းလည်း နောက်ထပ် ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆိုသည်။

၎င်းက “ကွမ်းသီးက ဝယ်ပြီးပြန်ရောင်းတဲ့အခါ ရှုံးကြလို့ လိုတဲ့စျေးမရဘူး။ တစ်ပိဿာ ၄၀၀၀ အများနဲ့ ယူရင်စျေးကကျပြီး။ အဲ့ဒါကြောင့် ဘယ်သူမှ မဝယ်ရဲကြဘူး။ ပြီးတော့ ခြံထဲမှာလည်း အခုနောက်ပိုင်း ကွမ်းသီး မစိုက်ဖြစ်ကြတာလည်းပါတယ်။ ခြံကိုပစ်ပြီးပြေးနေရလို့။ ကွမ်းသီးအခြောက်မလုပ်ကြဘူး။ မှည့်တာနဲ့ တန်းရောင်း။ အမြဲတမ်းပြေးနေရ တော့အချိန်မပေးနိုင်ကြဘူး။ ရသလောက် စျေးနဲ့ ရောင်း၊ စျေးကကျတော့ ဘယ်သူမှ မလုပ်ကြတော့တဲ့အထိပဲ။” ဟု ကေအိုင်စီသို့ပြောသည်။

အရှေ့တောနယ်ဒေသ ခမောင်းသွယ်တွင် ကွမ်းသီးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ကျေးရွာ ၁၁ ရွာထိရှိ နေကာ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလကလည်း လမ်းခရီးအခက်အခဲများကြောင့် ကွမ်းသီးသယ်ယူပို့ ဆောင်ရာမှာ အခက်အခဲများရှိခဲ့ကြောင်း၊ ယခုအခါတွင်လည်း ကွမ်းသီးအဝယ်ရပ်ထားရသောကြောင့် ဒေသခံကျေးရွာသူ ရွာသားများအနေဖြင့် အခက်အခဲများ ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များ၏ ပြောစကားအရ သိရသည်။