အောက်တိုဘာ ၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲ ဖြစ်ပွားနေဆဲ ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် ကရင်ကျောင်းသားကွန်ယက်(KSNG)က ဦးဆောင်၍ လူငယ်နှင့် အသိပညာနှီးနှောဖလှယ်ပွဲတစ်ခုကျင်းပခဲ့ပြုလုပ်ခဲ့ရာ ဒေသတွင်း လူငယ် ၁၄၀ နီးပါး တက်ရောက်ခဲ့ကြသည်။
အဆိုပါ လူငယ်နှင့် အသိပညာနှီးနှောဖလှယ်ပွဲကို နယ်မြေအတွင်း လုံခြုံရေးကြောင့် တောတွင်းရွှေ့ပြောင်း ဖွင့်လှစ်လိုက်ရသည့် မူတြော်ဂျူနီယာကောလိပ်ကျောင်း၌ စက်တင်ဘာလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ပဋိပက္ခကာလကို ဖြတ်သန်းနေရသည့် ကရင်ကောလိပ်ကျောင်းသားလူငယ်များအကြား နိုင်ငံရေးဆိုင်ရာအပြင် အသိပညာအသစ်များကို အပြန်အလှန်ဝေမျှနိုင်ရန်နှင့် ကရင်ကျောင်းသားလူငယ်များအကြား ချိတ်ဆက် လုပ်ဆောင်မှုများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ယခုအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း KSNG ၏ ဥက္ကဋ္ဌဖြစ်သူ စောဒါးဖိုးဒါးက ယခုလို ပြောသည်။
“ဒီ နှီးနှောဖလှယ်ပွဲက ကျနော်တို့ လူငယ်တွေ ကျောင်းသားတွေ အနေနဲ့ ငယ်ရွယ်တုန်း ရှင်သန်နေတုန်းမှာ သိသင့်သိထိုက်၊ လေ့လာသင်ယူသင့်တာတွေ၊ ပြီးတော့ လူ့အသိုင်းအဝိုင်းထဲမှာ ပါဝင်ဆောင်ရွက်သင့်တာတွေကို ကိုယ့်လူမျိုးအတွက် လိုအပ်ချက်တွေများနေတဲ့အချိန်မှာ ကျနော်တို့ လေ့လာသင်ယူရမှာတွေက အများကြီးရှိတာပေါ့။ အဲ့အတွက် ဒီလူငယ်နှီးနှောဖလှယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ နှီးနှောဖလှယ်မှုများကြောင့် ကျောင်းသား လူငယ်များအနေဖြင့် ကရင်အမျိုးသားများ၏ အခြေအနေ အရပ်ရပ်များကို သိရှိနားလည်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ပိုမိုသိရှိနားလည်လာကြသည့် အကျိုးဖြစ်ထွန်းများလည်း ဖြစ်ပေါ်စေကြောင်းလည်း စောဒါးဖိုးဒါးက ဆက်ပြောသည်။
၄ ရက်တာ ပြုလုပ်ခဲ့သည့် အဆိုပါ နှီးနှောဖလှယ်မှုတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ လမ်းစဉ်လုပ်ငန်းစဉ်များ၊ ကရင်လူငယ်အစည်းအရုံး(KYO)၏ ဖွဲ့စည်းပုံနှင့် ဆောင်ရွက်မှုများ၊ ကေအဲန်ယူ၏ တရား ဥပဒေလုပ်ငန်းစဉ်များ၊ မီဒီယာဆိုင်ရာ အသိပညာများကို နှီးနှောဖလှယ်ခဲ့ကြပြီး အဖွဲ့လိုက် ယဉ်ကျေးမှုဆိုင်ရာ၊ စွမ်းရည်ပြနှင့် အားကစားပြိုင်ဆိုင်မှုများလည်း ပြုလုပ်ခဲ့ကြသည်။
နှီးနှောဖလှယ်ပွဲတွင် ပါဝင်ခဲ့သူ နော်အယ်ဗြူးစေး က “KSNG လာလုပ်တဲ့ ဒီလိုပွဲကြောင့် ကျမတို့ လူငယ်အချင်း ချင်းကြား ပိုမိုရင်းနှီးကျွမ်းဝင်လာပြီးတော့ ချိတ်ဆက်မှုအပြင် သူတို့ကပဲ တစ်ဖက်သတ်လာသင်ကြားတာမျိုး မဟုတ်ဘဲ ကျမတို့ဆီကလည်း သင်ယူလေ့လာသွားတာမျိုးရှိတဲ့အပေါ် နှစ်ဖက်အပြန်အလှန် အသိပညာဖလှယ်နိုင်ခဲ့ကြတဲ့အတွက် ကျမအတွက်အများကြီးအကျိုးရှိစေသလို ကျမသိသင့် သိထိုက်တာတွေလည်း သိရှိ နားလည်လာရတယ်” ဟု ပြောသည်။
KSNG အနေဖြင့် အလားတူ လူငယ်နှင့် အသိပညာနှီးနှောဖလှယ်ပွဲများကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ အသီးသီးရှိ ကောလိပ်နှင့် အထက်တန်းပညာရေးကျောင်းများအပြင် နယ်စပ်ဒုက္ခသည်စခန်းအတွင်းရှိ စာသင်ကျောင်းများတွင် နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ယခုနှစ်အတွက်လည်း အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည်စခန်းများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။



















