Home သတင်း သောင်ရင်းမြစ်ဘေးရှိ စစ်ဘေးရှောင် ၁၄၀၀ ခန့် နေရာထိုင်ခင်း၊ သောက်သုံးရေနှင့် စားသောက်စရာဆေးဝါးများ အရေးပေါ်လိုအပ်နေ

သောင်ရင်းမြစ်ဘေးရှိ စစ်ဘေးရှောင် ၁၄၀၀ ခန့် နေရာထိုင်ခင်း၊ သောက်သုံးရေနှင့် စားသောက်စရာဆေးဝါးများ အရေးပေါ်လိုအပ်နေ

1299

အောက်တိုဘာလ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက်ရှိ နယ်စပ် သောင်ရေးမြစ်ဘေးတွင် ယာယီနေထိုင်ကြသည့် သေ့ဘောဘိုး ဒေသခံစစ်ရှောင် ၁၄၀၀ ၀န်းကျင်သည် နေထိုင်ခင်း၊ သောက်သုံးရေနှင့် စားသောက်စရာ၊ ဆေးဝါးအခက်အခဲ ရှိနေပြီး အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကျေးရွာတာ၀န်ခံများက ပြောသည်။

ပြီးခဲ့သည့် နှစ်ပတ်ကတည်းက မိုးကြီးရေကြီး၍ သေ့ဘောဘိုး သောင်းရင်းမြစ်ဘေး ခိုလှုံကြသော စစ်ဘေးရှောင်များသည် ၎င်းတို့တဲများ မြစ်ရေထဲမျှောကုန်သွားပြီး ယခုအချိန်တွင် တောင်ယာ ကုန်းနေရာများတွင် ယာယီတဲတန်းများ၌ ယာယီခိုလှုံနေစဉ် တစ်ပိုင်တစ်နိုင်အလှူ ရှင်များကိုသာ စောင့်မျှော်စားသောက်နေကြရသည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။

“အစုဖွဲ့တွေက မိသားစု ၂၀၀ လောက်မှာ လူဦးရေက ၁၄၀၀ ၀န်းကျင်လောက်ရှိတယ်၊ မြစ်ရေက နောက်ကျိနေတော့ သောက်ရေသုံးရေရဖို့ ခက်ခဲနေတယ်၊ စားစရာကလည်း မဲဆောက်ဘက်က တစ်နိုင်တစ်ပိုင်လှူပေးနေတဲ့အဖွဲ့တွေကို ချိတ်ဆက်အကူအညီတောင်းပြီး သူတို့လာပို့ လာဝေတာလေးနဲ့စား သောက်နေကြရတယ်။ ပုံမှန်အထောက်အပံ့ပေးတဲ့ CIDKP လို အဖွဲ့အစည်းတွေကလည်း အရင်ကတစ်လတစ်ခါ ပေးတာကနေ အခုက ၃ လတစ်ခါမှပဲ ရိက္ခာပေးတော့တယ်။ တိုက်ပွဲကလည်း မိုးကသာရွာနေတာ နေ့တိုင်းပစ်နေခတ်နေကြတာဆိုတော့ စစ်ရှောင်နေရတာပိုပြီးကြပ်တည်း ခက်ခဲလာတယ်”ဟု သေ့ဘောဘိုး စစ်ဘေးရှောင်ကျေးရွာတာ၀န်ခံက ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော် ဒေသတိုက်ပွဲများကြောင့် ဒေါနတောင်အရှေ့ဘက်အခြမ်း ဖလူး-ဝေါလေ၊ ဆုံဆည်းမြိုင်ဒေသအထိ စစ်ဘေးရှောင်နေရသူ ၁၅,၀၀၀ ခန့် ရှိကြောင်း စစ်ဘေးရှောင်ကူညီပေးသည့်အဖွဲ့များ စာရင်းအရ သိရှိရသည်။

အဆိုပါ စစ်ရှောင်များအား KNU၊ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊ KWO နှင့် ပြည်တွင်း‌နေရပ်ရင်း စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ‌ ကော်မတီ-CIDKP အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုများ ရှိခဲ့သော်လည်း ဒေသတွင်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် အခြေအနေကြောင့် စစ်ဘေးရှောင်ကူညီမည့် နိုင်ငံတကာအဖွဲ့အစည်းများသွားလာ ကူညီခွင့်၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့်များ မြန်မာပြည်တွင်းနှင့် ထိုင်းနယ်စပ်နေရာများတွင် ကန့်သတ်စစ်ဆေးတားမြစ်မှုများကြောင့် အခက်အခဲများရှိနေကြောင်း သိရသည်။

“အခုက ကျနော်တို့ သေ့ဘောဘိုး၊ ဝေါလေ၊ ဖလူး၊ လေးကေ့ကော် နယ်စပ်တစ်လျှောက် ကစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်တာက ပိုပိုဆိုးရွားလာတယ်။ အရင်က သွားလို့လာလို့ရသေးတယ်၊ အခုက ဘယ်မှသွားလို့လာလို့ မရ၊ စိုက်လို့ပျိုးလို့မရ၊ ရောင်းလို့၀ယ်လို့မရတော့သလို ထိုင်းနိုင်ငံဘက်ကလည်း ဒီဘက်ကလူတွေ၊ ကျောင်းသားတွေကို လက်မခံဘူး။ ပြန်မောင်းထုတ်တယ်၊ အခုက ဖျားကြနာကြ၊ ငှက်ဖျားဖြစ်ကြနဲ့ ဆေးဝါးလည်း မပြည့်စုံတော့ဘူး ဖြစ်နေတယ်။ ကလေးတွေက အအေးမိ၊ နှာစေး အဆုတ်ရောင်ကြတယ်။ ဆေးက မလုံလောက်ဘူး”ဟု နယ်စပ်ဒေသ ကျန်းမာရေး လုပ်သားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ခိုလှုံနေသည့် အသက်မပြည့်သေးသော ကျောင်းသားများပါဝင်သည့် ကျောင်းသားတစ်စုကို ရေကြီးနေသည့် သောင်ရင်းမြစ်ကိုဖြတ်ပြီးပြန်ရန် ထိုင်းအာဏာပိုင်များဘက်က မြန်မာနိုင်ငံဘက်ခြမ်း ပြန်ခိုင်းချိန်တွင် ကျောင်းသားများကို ပြန်ပို့သည့် စက်လှေတစ်စင်းမှာ နစ်မြှုပ်လုနီးပါးဖြစ်ခဲ့သေးသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်အတွင်းနှင့် မြန်မာပြည်တွင်း ဒေသများတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခဖြစ်ပွားရာဒေသများမှ အရပ်သား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အကာအကွယ်ရရှိရေးကို ကြီးမားစွာ ခြိမ်းခြောက်နေဆဲဖြစ်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုကူညီမှု ညှိနှိုင်းရေးရုံး (UNOCHA)အဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် လူဦးရေ ၁ ဒသမ ၃ (၁.၃)သန်းကျော်သည် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်းလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။