Home သတင်း KNU တပ်မဟာ (၁)ရှိ (PDF)များအားလုံးပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားရန် ဆုံးဖြတ်

KNU တပ်မဟာ (၁)ရှိ (PDF)များအားလုံးပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားရန် ဆုံးဖြတ်

1316

အောက်တိုဘာလ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-(KNU) တပ်မဟာ (၁)နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ အားလုံး ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ခိုက်သွားမည်ဟု ယနေ့ အောက်တိုဘာလ ၃ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၁)ရက်မှ (၂၄) ရက်နေ့အထိ ပြုလုပ်သည့် KNU တပ်မဟာ (၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များမှ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအသွင်ဖွဲ့စည်း တစ်ခုတည်းသောကွပ်ကဲမှုဖြင့် ဘုံရန်သူအား နည်းလမ်းပေါင်းစုံဖြင့် တော်လှန်သွား၍ တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU တပ်မဟာ (၁)တာဝန်ရှိသူတစ်ဦးက “ဒီတပ်မဟာ (၁)ရဲ့လမ်းညွှန်မှု တစ်ခုထဲအောက်မှာပဲ သွားရမယ်။ တစ်ခုထဲကွပ်ကဲမှုအောက်မှာပဲ ရှိရမယ်။ ဒီနယ်မြေထဲမှာက (PDF)တပ်ရင်းတွေအများကြီးရှိတယ်လေ။ အဓိက ရည်ရွယ်ချက်ကတော့ တစ်စုတစ်စည်းတည်းဖြစ်ဖို့ လမ်းညွှန်မှုတစ်ခုအောက်မှာသွားဖို့အတွက် အစည်းအဝေးခေါ်ပြီး စုစည်းတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုပူးပေါင်းလိုက်သော တော်လှန်ရေးအစုအဖွဲ့များအနေဖြင့် (KNU)တပ်မဟာ (၁)နယ်မြေအတွင်းရှိ ကျေးရွာများတွင် အခွန်အခဆက်ကြေးကောက်ခံခြင်းများကို ညွှန်ကြားမှုအတိုင်း မလိုက်နာပါက နယ်မြေအတွင်းမှ အခြေချနေထိုင်ခွင့် ပြုတော့မည်မဟုတ်ကြောင်းလည်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

“ဒီမှာက အဖွဲ့တွေကများတော့ လုပ်ချင်ရာလုပ်နေကြတာတွေရှိတယ်။ တစ်ဖွဲ့တော့ မောင်းထုတ်လိုက်ပြီးပြီ။ တစ်ခြားနယ်မြေထဲမှာ ပေးနေရင်တော့နေကြပေါ့လေ။ နောက်ပိုင်းကျရင်တော့ ညွှန်ကြားမှုအတိုင်းမလုပ်ဆောင်ပဲ ဆက်ကြေးကောက်တာတို့ အခွန်ကောက်တာတို့ဆိုရင် တပ်မဟာ(၁)နယ်မြေထဲမှာ ပေးမနေတော့ဘူး”ဟု ထိုတပ်မဟာ (၁)တာဝန်ရှိသူက ပြောသည်။ ။

ကရင်အမျိုးသားအစည်းအရုံး (KNU)သထုံခရိုင်၊ တပ်မဟာ (၁)နယ်မြေထဲတွင် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသော တော်လှန်ရေးအင်အားစု တပ်ဖွဲ့ပေါင်း (၂၉)ဖွဲ့ရှိနေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ဖွဲ့တို့နှင့် မကြာမဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။