Home သတင်း သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်းမအား ဖြတ်သန်းသွားလာခွင့်ပိတ်ထား၍ ဒေသခံများအခက်ကြုံ

သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်းမအား ဖြတ်သန်းသွားလာခွင့်ပိတ်ထား၍ ဒေသခံများအခက်ကြုံ

647

အောက်တိုဘာ ၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ်ထားသည့် ပြည်နယ်ချင်းဆက်လမ်းမကြီးအား ယနေ့ အောက်တိုဘာလ ၂ ရက်နေ့မှစ၍ အနန်းကွင်းရွာတွင် အခြေစိုက် စစ်ကောင်စီတပ် ဗျူဟာစခန်းတာဝန်ရှိသူမှ ဖြတ်သန်းသွားလာခွင့် မပြုတော့သည့်အတွက် ဒေသခံများ အခက်အခဲကြုံနေရသည်ဟု သိရသည်။

ဒေသထွက်သီးနှံများဖြစ်သည့် ရာဘာ၊ ဝဥ၊ ကွမ်းသီးများ ရောင်းဝယ်နေသည့် ရာသီကာလအတွင်း ရွာသားများ အဓိက မှီခိုအားထားနေရသည့် ပြည်နယ်ချင်းဆက် လမ်းမကြီးအား စစ်တပ်မှ ယခုလိုဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်သည့်အပေါ် စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်နေရပြီး တိုက်ပွဲဖြစ်လာမည်ကိုလည်း ရွာသားများက စိုးရိမ်နေလျက်ရှိသည်ဟု သိရသည်။

“စခန်းက ဗျူဟာမှူးကိုယ်တိုင် လမ်းပိတ်ထားတယ်။ အခုပေးမသွားတော့ဘူး။ ဝဥတို့ ကွမ်းသီးတို့ ရာဘာတို့ ရောင်းဝယ်တဲ့ရာသီဆိုတော့ ခုလိုလမ်းမပိတ်လိုက်တော့ ရွာသားတွေရဲ့ စားဝတ်နေရေးတွေ အကုန်ခက်ခဲသွား တယ်ပေါ့နော်။ စစ်ဆေးတာလည်း တအားကြမ်းလာတယ်။ လက်နက်ခဲယမ်းတွေစစ်တယ်။ အချို့ယိုးဒယားက သယ်လာတဲ့ လူသုံးကုန်ပစ္စည်းတွေဆို တရားမဝင်ဘူးဆိုပြီး ငွေတောင်းလည်း ကြမ်းတယ်”ဟု ဒေသခံတစ်ဦးက ယနေ့ အောက်တိုဘာ ၂ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အနန်းကွင်းရွာတွင် အခြေစိုက်ထားသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ စစ်ဗျူဟာ(၃) ဒုဗိုလ်မှူးကြီး ဟိန်းထက်ဇော်၏ ညွှန်ကြားမှုဖြင့် ရွာသားများနှင့် ကားသမားများအား ၎င်းတို့၏ စခန်းရှေ့လမ်းမ တွင် ယနေ့မှစပြီး တစ်ပတ်တိတိ ဖြတ်သန်းသွားလာမှု မပြုတော့ရန် အသိပေးထားပြီး လုံခြုံရေးတပ်သားများ လည်း ချထားလျက်ရှိသည့်အတွက် ဒေသခံများ ခရီးသွားလာမှုမရှိတော့ကြောင်း ရွာသားများထံမှ သိရသည်။

သံဖြူဇရပ်-ဘုရားသုံးဆူ ပြည်နယ်ချင်းဆက်လမ်းမကြီးသည် KNU ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုနယ်မြေထဲတွင် ပါဝင်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ဘုရားတောင် သာသနာပြုမြေ ဧရိယာဝင်းတွင် ခြေကုပ်နေရာ ယူထားသည့် စစ်ကောင်စီတပ် စခန်းတစ်ခုကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်း ယူခဲ့ပြီးနောက် ဒေသတွင်းခရီးသွာလာမှုများကို ယခုလို ကန့်သတ်လာခြင်းဖြစ်သည်။