Home သတင်း တနိုင်တပိုင် အော်ဂဲနစ်သီးနှံစိုက်ခင်း ကေအဲန်ယူ စမ်းသပ်စိုက်ပျိုး

တနိုင်တပိုင် အော်ဂဲနစ်သီးနှံစိုက်ခင်း ကေအဲန်ယူ စမ်းသပ်စိုက်ပျိုး

745
Photo: KNU

အောက်တိုဘာ ၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဌာနတွင်း ဝန်ထမ်းများနှင့် ဒေသခံရပ်ရွာလူထု စားသုံးရန်အတွက် တနိုင်တပိုင် အော်ဂဲနစ်သီးနှံစိုက်ပျိုးခြင်းကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ လှိုင်းဘွဲမြို့နယ်တွင် ဖားအံခရိုင်၊ ကျန်းမာရေးဌာနက စက်တင်ဘာလနှောင်းပိုင်း၌ စမ်းသပ်လုပ်ဆောင်ခဲ့ကြသည်။

ခရိုင်ကျန်းမာရေးဌာန အတွင်းရေးမှူး ဆရာစောဂေကော်ထူးက “ကျနော်တို့ အဖွဲ့အစည်းသော်လည်းကောင်း၊ ရွာသားတွေ သော်လည်းကောင်း စားသုံးနိုင်ဖို့အတွက်ပေါ့။ နောက် အထူးသဖြင့်တော့ အာဟာရပိုင်းဆိုင်ရာဆို ကိုယ်ဝန်ဆောင် အမျိုးသမီးတို့၊ ကလေးငယ်တို့အတွက် အာဟာရပြည့်ပြည့်၀၀နဲ့ စားသုံးနိုင်ဖို့အတွက် ကျနော် ရည်ရွယ်ပြီးတော့ စိုက်ပျိုးရခြင်းဖြစ်တယ်ပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းတို့နယ်မြေဒေသအနေဖြင့် ထိုင်းနိုင်ငံဘက်မှ ထွက်ရှိရောင်းချသည့် အစားအသောက်များကိုသာ မှီခိုနေလာရ သဖြင့် သဘာ၀စစ်စစ်ဖြင့် ကျန်းမာရေးအရ လုံခြုံမှုရှိစွာ စားသုံးနိုင်ရန်အတွက် ဦးဆောင်ကာ စိုက်ပျိုးရခြင်းဖြစ် ကြောင်းလည်း ဆရာစောဂေကော်ထူးက ဆက်ပြောသည်။

မြေနေရာ ၃ဧကအကျယ်တွင် စိုက်ပျိုးသည့် စားပင်သီးနှံပင်များမှာ နံနံပင်၊ ဆလပ်ရွက်၊ ကဇွန်းရွက်၊ မုန်လာ၊ ကြက်သွန်မိတ်၊ ငရုပ်၊ ဖရုံ၊ ခဝဲ၊ ရွှေဖရုံ၊ ဘူး၊ ပြောင်း၊ ပဲတောင့်၊ ခရမ်းချဉ်၊ ခရမ်းသီး၊ ရုံးပတီနှင့် အာလူးတို့ဖြစ် သည်။

လတ်တလောအားဖြင့် စမ်းသပ်စိုက်ပျိုးမှုကို ဂျပန်၊ အစ္စရေးနိုင်ငံမှ ပြန်ရောက်ရှိလာသည့် စိုက်ပျိုးရေးပညာ တတ် မြောက်ထားသူ ဆရာမတစ်ဦးက သင်တန်းလက်တွေ့နည်းပြအဖြစ် လမ်းညွှန်ပေးကာ သင်တန်းသူ သင်တန်းသား များနှင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းတိုးတက်မှုရှိလာပါက ကေအဲန်ယူ ခရိုင်အဆင့် တာဝန်ရှိသူများထံသို့ တင်ပြ အသိပေးသွားမည်ဟုလည်း သိရသည်။