Home သတင်း မူတြော်ခရိုင်တွင် စစ်ကောင်စီနှင့် BGF တို့လက်နက်ကြီးပစ်ခတ်မှုကြောင့် ငါးရက်အတွင်း ဒေသခံ (၃)ဦး ဒဏ်ရာရရှိ

မူတြော်ခရိုင်တွင် စစ်ကောင်စီနှင့် BGF တို့လက်နက်ကြီးပစ်ခတ်မှုကြောင့် ငါးရက်အတွင်း ဒေသခံ (၃)ဦး ဒဏ်ရာရရှိ

1053

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေထဲတွင် စစ်ကောင်စီတပ်နှင့် နယ်ခြား စောင့်တပ်-BGFတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့မှစတင်၍ ၁၁ရက်နေ့အထိ ၅ ရက်အတွင်း ကျေးရွာများထဲသို့ လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် ဒေသခံ (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့ အောက်တိုဘာလ ၁၂ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံ BGF တပ်ရင်းအမှတ် (၁၀၁၃) မှ ဗိုလ်ကျော်ဝင်းဦးဆောင်သည့် တပ်ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဒွယ်လိုးမြို့နယ် လေးဖိုးထ ကျေးရွာအုပ်စု ပိုဂါကျေးရွာထဲသို့ လက်နက်ကြီး(၉)လုံးနှင့်ပစ်ချသည့်အတွက် ဒေသခံနော်တာဖိုးအေးနှင့် စောတာကလိုမယ် တို့ ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အောက်တိုဘာလ (၇)ရက်နေ့တွင်လည်း ဖာပွန်မြို့ အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖာပွန် အနောက်ဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် ခလယ်လိုကျေးရွာထဲတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက် (၅၁)နှစ်အရွယ် နော်မူကြာအား ထိမှန်ဒဏ်ရာရရှိသွားကြောင်းလည်း မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

တဆက်တည်းတွင် အောက်တိုဘာလ (၉) ရက်နေ့တွင်လည်း ကူးဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်ကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၁၀ရက်နေ့တွင် လူသောမြို့နယ်၊ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်ရှိ စစ်ကောင်စီတပ်အား KNLA က ထပ်မံ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အောက်တိုဘာလ (၇)ရက်နှင့် (၈)ရက်နေ့တွင်လည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၅) ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိသွားကြောင်းလည်း မူတြော်ခရိုင် သတင်းစဉ်ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူ ထိန်းချုပ်သည့် နယ်မြေထဲတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်၍ ၂၀၂၂ခုနှစ် ဩဂုတ်လအထိ လပေါင်း ၂၀ အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုနှင့် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် အပြစ်မဲ့ ဒေသခံလူထု (၁၃၁) ဦးသေဆုံးပြီး (၂၉၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ စက်တင်ဘာလ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။