Home သတင်း ဖားအံခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခွန်အောင်ကျော်မိုး ပစ်သတ်ခံရ

ဖားအံခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခွန်အောင်ကျော်မိုး ပစ်သတ်ခံရ

983
Photo: Crd.

အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ သာမညကျေးရွာတွင် ယနေ့ အောက်တိုဘာလ (၁၃)နံနက် (၇)နာရီခွဲ အချိန်ခန့်တွင် ဖားအံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဖြစ်သူ ဦးခွန် အောင်ကျော်မိုးအား အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ဝင်များက လာရောက်ပစ်သတ်သွားသည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းက စျေးဝန်းထဲတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရခြင်းဖြစ် ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဟုတ်တယ် ဒီမနက်(၇)နာရီခွဲလောက်မှာ စျေးထဲမှာ ပစ်ခံထိတာ။ ပစ်ခံထိတဲ့နေရာမှာပဲ ပွဲချင်းပြီးသေ သွားတယ်။ သူက (ဖားအံခရိုင်)ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးလေ။ ရပ်ကွက်လူကြီး အဟောင်းပဲ။ အရင်(၂၀၂၀)တုန်းက ကြံ့ခိုင်ရေးအဖွဲ့ မဲရွေးတုန်းက သူလည်း မဲဝင်ရွေးသေးတယ်။ နောက်တော့ ဘယ်လိုဖြစ်လဲ မသိဘူး၊ နုတ်ထွက်လိုက်တယ်။ သာမညမှာက BGF လည်းများတယ်။ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။

၎င်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးသည့်နောက် မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်များက စျေးဝန်းနေရာနှင့် အနီးအနားရှိ ရပ်ကွက်များတွင် လုံခြုံရေးတင်းကြပ်မှုများရှိနေကြောင်း သိရှိရသည်။

ဦးခွန်အောင်ကျော်မိုးသည် ပြီးခဲ့သည့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့ဖူးပြီး သူသည် ယခင်က သာမည ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟာ သိရသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သာမည ကျေးရွာအုပ်စုတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေပေါင်း (၃၀၉၅)အိမ်နှင့်၊ ရပ်ကွက်ပေါင်း (၂၄)ရပ်ကွက်၊ လူဦးရေ စုစုပေါင်း (၁၃၇၆၃)ဦးအထိနေထိုင်လျက်ရှိသည်။