Home သတင်း စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်မှုရှိ

စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်မှုရှိ

732
Photo: CJ

အောက်တိုဘာ ၁၃ရက်၊၂၀၂၂ခုနှစ်၊၊ကေအိုင်စီ။

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့မှ ပုလောမြို့သို့ လာသောလမ်းကြောင်းတွင် စစ်ကောင်စီ ယာဉ်တန်း ၉ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် အနီးအနား ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အနီးကျေးရွာရှိပြည်သူများ ထိခိုက်မှုရှိခဲ့ကြောင်းသိရသည်။

မြိတ်မြို့မှ ပုလောမြို့သို့လာသော စစ်ကောင်စီယာဉ်တန်း ၉စီးကို ယမန်နေ့ နံနက်၇နာရီ အချိန်ခန့်တွင်ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် တောကြီးမြွေဟောက် King Cobra အဖွဲ့မှ တပိုးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီစစ်သားတစ်ဦး အရေးပေါ်ကားနှင့်သယ်ဆောင်သွားခဲ့ရပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် ပကဖ တာဝန်ခံတစ်ဦးဖြစ်သည့် လူမင်းက “ကျနော်တို့က စစ်ခွေးတွေ လာမှာကို ကြိုသိလို့ မိုင်းထောင်ပြီးစောင့်နေတာပါဗျာ့။ စစ်ခွေးတွေက ဒီနယ်တစ်ကြောရောက်လာရင် မိုင်းဆွဲ တိုက်ခိုက်တာ အမြဲခံနေကြရတာဆိုတော့ ရောက်လာတာနဲ့ စစ်ခွေးတွေက ကြိုပြီး ရမ်းပစ်တာပါ‌”ဟု ကေအိုင်စီသို့ပြောသည်။

ယခုလိုကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက လမ်းဘေးဝဲယာတစ်လျှောက်ကို လက်နက်ကြီး လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းများပြုလုပ်ခဲ့ပြီး အရပ်သား ပြည်သူ စုစုပေါင်း ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ နေအိမ်စုစုပေါင်း အလုံး၄၀ ခန့်ပျက်စီးခဲ့သည်ဟုလည်း ၎င်းက ဆက် ပြောသည်။

ထို့အပြင် ပလကျေးရွာ၊ ကနေတို ကျေးရွာရှိ ပိကပ်တံတားထိပ်ထိ ပြည်သူလူထုများ၏ ကားများကြားထဲတွင် အကာအကွယ်ယူကာ မောင်းနှင်ခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၏ mission တချို့ကို ဖျက်သိမ်းလိုက်ရကြောင်းလည်း ပကဖ အဖွဲ့က ဆိုသည်။

“စစ်ကောင်စီက ကလိမ်ကကျစ်ညဏ်တွေများတယ်ဗျ။ သူတို့က တာဝန်ယူ တာဝန်ခံမှုမရှိကြဘူး။ အဝေးပြေး လမ်းမပေါ်ရောက်လာရင် ပြည်သူကားတွေနဲ့ကပ်ပြီးလိုက်ပါမောင်းနှင်ခြင်းနဲ့ တိုက်ပွဲဖြစ်နေစဉ်အတွင်း ပြည်သူကားတွေနဲ့စစ်ကူပေးတာတွေရှိတယ်’’ဟု လူမင်းက ဖြည့်စွက်ပြောသည်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်နေစဉ်အတွင်း ပြည်သူများ၏ကားများကို ချောဆွဲခြင်းများပြုလုပ်သည့်အတွက် စစ်ကောင်စီယာဉ်တန်းများနှင့်ဝေးရာမှ သွားလာကြရန်ကိုလည်း ပုလော ပကဖ၏ ထုတ်ပြန်ချက်တွင် ယမန်နေ့က ဖြစ်စဉ်နှင့်ပတ်သက်ပြီး တိုက်တွန်းဖော်ပြထားသည်။