Home သတင်း ဘီးလင်း၊ ဒေါဇံကြီးတွင် အမျိုးသမီးအပါအဝင် အရပ်သား(၅)ဦးထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်

ဘီးလင်း၊ ဒေါဇံကြီးတွင် အမျိုးသမီးအပါအဝင် အရပ်သား(၅)ဦးထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်

205
Photo: CJ

ဇွန်လ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၊ ဘီးလင်းမြို့နယ် ဒေါဇံကြီး ကျေးရွာဘက်ကို ယမန်နေ့ ဇွန်လ၂၂ ရက်နေ့တွင် စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ်သည် အမျိုးသမီးအပါအဝင် အရပ်သား (၅)ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သားများမှာ စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် လမ်းတွင်ထိပ်တိုက်တွေ့ဆုံစဉ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ မနေ့ သူတို့တက်လာတာ (၃)ဖွဲ့ခွဲပြီးတက်လာတယ်လို့ ကြားတယ်။ ဒေါဇံကြီးရွာရောက်တာတစ်ဖွဲ့၊ ဒေါဇံကြီးနဲ့ လယ်ကတယ်ရွာကြားမှာလည်းတစ်ဖွဲ့၊ ပြီးတော့သူးကဘီးရွာနဲ့ နို့ကနဲကြားမှာလည်း တစ်ဖွဲ့တက်၏လာတယ်လို့ ကြားတယ်။ အင်အားဘယ်လောက်ပါလဲတော့ မသိဘူး။ ဖမ်းခံရတဲ့လူတွေက ဒေါ်ဇံကြီးက လို့သိရတယ်။ ဒေါဇံကြီးမှာဖမ်းထားတယ်၊ ဒီမနက်ပြန်လွှတ်မလွှတ်တော့ မသိရသေးဘူး”ဟု ထိုဒေသခံက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နတ်ကြီးစစ်ကောင်စီတပ်စခန်းမှတစ်ဆင့် ဒေါဇံကြီးဘက်သို့ တက်လာခြင်းဖြစ်ပြီး လမ်းတွင်တွေ့ရှိသည့်ဒေသခံများကို ဖမ်းဆီးမှုများရှိသည့်အတွက် လယ် ကတဲ၊ ဒေါဇံကြီး၊ မြစ်ကျိုးရွာနှင့် အနီးအနားကျေးရွာများမှ ဒေသခံအမျိုးသားအချို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သိရသည်။

၎င်းအပြင် ယမန်နေ့ ဇွန်လ ၂၂ ရက်၊ နံနက် (၁၁)နာရီဝန်းကျင်ခန့်တွင် ဘီးလင်းမြို့နယ်ထဲရှိ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များမှ လေးကေစစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လေးကေရွာအနီး မင်းစောကျေးရွာထဲကို လက်နက်ကြီးများနှင့် ရည်ရွယ်ချက်ရှိရှိ ပြန်လည်ပစ်ခတ်သည့်အတွက် ရွာသူ အမျိုးသမီး(၁)ဦး ကျည်ထိမှန်ဒဏ်ရာရရှိကာ လူနေအိမ် (၂)လုံးပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ထိုသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ရွာတွင် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းလည်း ခေတ္တပိတ်ထားလိုက်ရကြောင်းလည်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

လေးကေစစ်ကောင်စီတပ်ခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေဆဲဖြစ်၍ ပြီးခဲ့သည့်လ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြသော ဒေသခံတစ်ဝက်နီး ပါးသာ ရွာထဲ၌ ပြန်လည်နေထိုင်ကြပြီး ကျန်ဒေသခံတစ်ဝက်မှာ နီးစပ်ရာများတွင် ယခုအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။