Home သတင်း တရားမ၀င် ကုန်ပစ္စည်းတင်ဆောင်ကားများကြောင့် ကော့ကရိတ်ကျေးရွာချင်းဆက် လမ်း/တံတား များပျက်စီးနေ၍ ဒေသခံများအခက်ကြုံ

တရားမ၀င် ကုန်ပစ္စည်းတင်ဆောင်ကားများကြောင့် ကော့ကရိတ်ကျေးရွာချင်းဆက် လမ်း/တံတား များပျက်စီးနေ၍ ဒေသခံများအခက်ကြုံ

677
Photo: CJ

ဇွန်လ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ဂိတ်များမှတဆင့် တရားမ၀င်တင်သွင်းလာသော ကုန်ပစ္စည်းများအား မြ၀တီ -ကော့ကရိတ်-ဖားအံ အာရှလမ်းမအတိုင်း သယ်ဆောင်ခြင်းမဟုတ်ဘဲ ဒေါနတောင်လမ်းဟောင်းဘက်မှ ကော့ကရိတ်-နဘူး-ထီလုံ-ဖားအံကျေးရွာချင်းဆက် လမ်းမကြီးဘက် သယ်ဆောင်ဖြတ်သန်းနေလာသောကြောင့် ဒေသကျေးရွာ လမ်း/တံတားများ ပြိုကျပျက်စီးနေပြီး ဒေသခံများ သွားလာရေးခက်ခဲလာနေကြောင်း ဒေသခံများက ပြောသည်။

ထီဖိုးစံရွာသားတစ်ဦးက “တောင်ပေါ် အာရှလမ်း ပစ်ကြ၊ ခတ်ကြဖြစ်တဲ့ကာလ လောက်ကတည်းက ကျနော်တို့ ရွာဘက်တွေကနေ ကုန်ကားတွေနေ့ရောညပါ ဖြတ်မောင်းနေတာ သူတို့က နဘူး-ထီလုံ-ဖားအံအထိ ဒီဘက် ရွာချင်းဆက်လမ်းကပဲ မောင်းဆင်းနေကြတယ်။ မိုးတွင်းဆိုတော့ လမ်းတွေပျက်ကုန်တယ် ၊ တံတားတွေ ကျိုးကုန်တယ်၊ ရွာသားအိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ သွားလာရ ခက်ကုန်တယ်၊ သူတို့က လှိုင်စိမ်းရွာတို့ အောက်ဘိုတဲဘက်ကနေ တောင်ပေါ်လမ်းဟောင်းကို သုံးပြီး ဆင်းလာတာလည်းရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အာရှလမ်းသစ် ကော့ကရိတ်ချက်ပွိုင့်(စစ်ကောင်စီစစ်ဆေးရေးဂိတ်)တို့ကိုရှောင်၍ နန်းရွှေမိတ် ရွာမှ ထီဖိုးစံရွာဘက်ကို တစ်နေ့လျှင် ကားအစီးရေ တစ်ရာကျော်မှ နှစ်ရာနီးပါးအထိ ဖြတ်သွားကြသဖြင့် လမ်း၊ တံတားပျက်ကာ ဗွက်များထပြီး နွံအိုင်ကြီးများဖြစ်နေသော်လည်း မည်သူမျှလာရောက် ပြင်ဆင်ပေးခြင်း မရှိကြောင်း ၎င်းထီဖိုးစံရွာသားက ဆက်ပြောသည်။

အဆိုပါ ကျေးရွာခြင်းဆက် ကော့ကရိတ်-နဘူး-ထီလုံ-ဖားအံလမ်းပိုင်းမှာ စစ်အာဏာမသိမ်းခင်က ကျေးရွာချင်းဆက် ဒေသဖွံ့ဖြိုးရေး လမ်းတံတားများ စီမံကိန်းအဖြစ် ဖောက်လုပ်နေဆဲလမ်းပိုင်း တစ်ခုဖြစ်သည်ဟု သိရသည်။

ယခုလို တရားမ၀င် မှောင်ခိုတင်သွင်းလာသည့် ကုန်ပစ္စည်းတင်ကုန်ကားများကို နေ့ရော၊ ညပါမောင်းနှင်ဖြတ်သန်း နေသည့်ကိစ္စမှာ ဒေသအတွင်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ၊ စစ်ကောင်စီတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့များ၏ ကျောထောက်နောက်ခံပြု စီးပွားရေးလုပ်ငန်းရှင်ကုန်ကားများ အများဆုံးသွားလာ သယ်ဆောင်မှုကြောင့် လမ်းတံတားပျက်စီးမှုများအပေါ် ပြင်ဆင်ဆောင်ရွက်ပေးရန် ဒေသခံကျေးရွာသားများ က လိုလားနေကြသည်။