ဧပြီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားထိပ် ရဲကင်းလုံခြုံရေးယူထားသည့် နယ်ခြားစောင့်တပ် -BGF ကင်းစခန်းတွင် ယနေ့ နံနက်အစောပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့မှ လာရောက်ပစ်ခတ်သွားပြီး လုံခြုံရေးအဖွဲ့ဝင် ၅ ဦးသေဆုံးသွားသည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ BGF အမှတ် ၁၀၂၁ တပ်ရင်း ဗိုလ်ဆံရှည်ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားပြီး ၁ ဦးထိခိုက်ဒဏ်ရာရကာ ၎င်းတို့ထံမှ လက်နက် ၅ လက်သိမ်းယူသွားခြင်းခံခဲ့ရသည်ဟု ချောင်းနှစ်ခွရွာသားများထံမှ သိရသည်။
“ ဒီမနက် ၆ နာရီကျော်လောက်မှာ လာပစ်သွားတယ်။ ၅ ယောက်သေ၊ ၁ ယောက်ဒဏ်ရာရတယ်။ လက်နက် ၅ လက် ယူသွားတယ်။ အခု လမ်းဟောင်းဘက်ရော၊ တံတားပေါ်ရော ဖြတ်သန်းခွင့် ပိတ်ထားတယ်။ လုံခြုံရေးတွေလည်း အများကြီး ရောက်လာတယ်” ဟု အမည်မဖော်လိုသည့် ချောင်းနှစ်ခွရွာသားတစ်ဦးက ယနေ့ ဧပြီ ၁၆ ရက် ကေအိုင်စီသို့ပြောသည်။
ချောင်းနှစ်ခွတံတားအနောက်ဘက် ချောင်းကူးလမ်းဟောင်းနှင့် တံတား၏လမ်းမကြားတွင် ပြီးခဲ့သည့် ၂ ပတ်ခန့်ကတည်းက ရဲကင်းလုံခြုံရေးအတွက် BGF တပ်ဖွဲ့မှ စခန်းတည်ဆောက်နေထိုင်လာခြင်းဖြစ်သည်ဟု သိရသည်။ ၎င်းတို့စခန်းနေရာကို အမည်မသိလက်နက်ကိုင်တစ်ဦးက တစ်ကိုယ်တော် လာရောက်ပစ်ခတ်သွားပြီးနောက် လက်နက်များ ကောက်ယူသွားပြီး ပြန်လည်ထွက်ခွာသွားသည်ဟု မျက်မြင်ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင်လည်း တော်လှန်ရေးပူးပေါင်းအင်းအားစုအဖွဲ့နှင့် စစ်ကောင်စီ၏တံတားစောင့် လုံခြုံရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ ရဲတပ်ကြပ်တစ်ဦးသေဆုံးသွားပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။