Home သတင်း ပိတ်ပင်တားမြစ်ထားသည့် ဗုံးသီးလောင်ချာများကို စစ်ကောင်စီတပ် အသုံးပြုတိုက်ခိုက်လာကြောင်း KNLA ပူးပေါင်းအဖွဲ့ပြော

ပိတ်ပင်တားမြစ်ထားသည့် ဗုံးသီးလောင်ချာများကို စစ်ကောင်စီတပ် အသုံးပြုတိုက်ခိုက်လာကြောင်း KNLA ပူးပေါင်းအဖွဲ့ပြော

1048
Photo: CJ

ဧပြီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ လေးကေကော်ဒေသတွင် ဧပြီလ ၁၄ ရက် သင်္ကြန် အကျနေ့ညတိုက်ပွဲအတွင်း နိုင်ငံတကာမှ မြန်မာပြည်သို့ ရောင်းချခွင့် ပိတ်ပင်တားမြစ်ထားသည့် ဗုံးသီးလောင် ချာများကို စစ်ကောင်စီတပ်ဘက်က အသုံးပြုပစ်ခတ်တိုက်ခိုက်လာကြောင်း KNLA ပူးပေါင်းအဖွဲ့က ပြောသည်။

လေးကေကော်ဒေသအတွင်း ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ညပိုင်းတွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ KNLA ပူးပေါင်းတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း တင်သွင်းထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်ထားသည့် MA14-84mm ၊ Carl-Gustav လေကွဲဗုံးသီးလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့မှ စစ်ရေးသတင်းအရင်း အမြစ်က ပြောသည်။

“သင်္ကြန်အကျနေ့က ညဘက်တိုက်တဲ့တိုက်ပွဲမှာဆိုရင် စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခလရ ၁၁၈ လက်ပတ်နီ၊ လည်စည်းအနီနဲ့ အထူးကွန်မန်ဒိုတွေက နိုင်ငံတကာက မြန်မာပြည်ကို ရောင်းချခွင့်တားမြစ်ထားတဲ့ MA14 Carl-Gustav လေကွဲဗုံးသီးလောင်ချာတွေနဲ့ ကျနော်တို့ဘက်ကို ၄ ကြိမ်လောက် ပစ်ခတ်သွားတာရှိတယ်။ အဲ့ဒီလက်နက်ကြီးကမြေမှာ ကျရောက်ပေါက်ကွဲတာ စစ်ကတုတ်တွေ၊ ဘန်ကာတွေ ဖြိုတာ၊ တင့်ကားတွေ ပစ်ခတ်ဖျက်စီးတာမှာ ဗုံးသီးအမျိုးမျိုးထည့်ပစ်လို့ရတဲ့ လက်နက်ပါ၊ အခုတိုက်ပွဲက သိမ်းမိတဲ့ ဗုံးသီးက လေထဲမှာ ကွဲတဲ့ လောင်ချာဗုံးသီးမျိုးပါ”ဟု KNLA ပူးပေါင်းအဖွဲ့မှ သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် လေးကေကော်ဒေသတိုက်ပွဲအတွင်း လက်နက်ကြီး၊ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ် ၊ ပေါင် ၅၀၀ ဗုံးကြီးများအပြင် ယခု နိုင်ငံတကာမှ တားမြစ်ထားသော လက်နက်ပါအသုံးပြုတိုက်ခိုက်လာသည့် ယုတ်မာရက်စက်မှုကို နိုင်ငံတကာက သိစေလိုကြောင်းလည်း ၎င်း KNLA ပူးပေါင်းအဖွဲ့သတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ လေးကေကော်ဒေသတိုက်ပွဲများ ဖြစ်ပွားနေမှုတွင် ဧပြီလအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံး များလာနေပြီး နေ့ရော၊ ညပါနှစ်ဖက် တိုက်ခိုက်မှုများ လက်နက်ကြီး ၄ နေရာခန့်မှ ပစ်ကူပေးပစ်ခတ်ခြင်း၊ မြေပြင်နေရာစုံမှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ လေကြောင်းမှ တိုက်လေယာဉ် များဖြင့် ပစ်ခတ်ခြင်း၊ ပေါင် ၅၀၀ ရာ ဗုံးသီးကြီးများ ကြဲချခြင်းများ လုပ်ဆောင်တိုက်ခိုက်ခဲ့သည်။

ယနေ့ သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့တွင်လည်း လေးကေကော်တောင်ဘက်ရှိ ဝေါလေဒေသ မော်ခီး ကျေးနယ်ဘက်တွင် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းအဖွဲ့များအကြား နေ့လည်ပိုင်းမှစတင်၍ တိုက်ပွဲပြင်း ထန်နေကြောင်း သိရှိရသည်။