ပြာသိုမှာပွင့်တဲ့ ခွာညိုဖူးကိုပဲ ပန်ချင်တယ်
• ဒီရာသီမှာ ကျွဲချိုသံကြားရင်
သံစဉ် သဲကွဲပါ့မလား…
လရောင်မဲ့တဲ့ညမှာ ဖားစည်သံကြားရင်
အိပ်ရာနိုးပါ့မလား…
ပြာသိုနှင်းက
ရင်ကိုအေးမြစေပါ့မလား…။
• ရွေ့လျားနေရတဲ့ ကာလမှာ
တစ်ခါတစ်ခါ ရောင်နီကို မေ့နေသလို…
ကောက်သစ်ဦးရဲ့အရသာကို မသိတော့သလို…
စိမ်းလွန်းတယ်
စိမ်းရက်တယ်
ဘဝမေ့နေတယ်။
•တစိမ်းတွေရဲ့ ပျားရည်စက်ကြောင့်
တွင်းရေတွေလည်း နောက်ခဲ့ရပြီ
အတွင်းစည်းတွေလည်း ထိန်းရခက်ပြီ
ဒီခရီး အရင်းအနှီးက များလွန်းတော့
အကျိုးအမြတ်က ပုဂ္ဂိုလ်ရေး ဆန်လွန်းတယ်။
• ဘယ်သို့ ဆိုစေ…
ဘယ်သို့ ရှိစေ…
မလိမ်ကြေး မညာကြေး
ဘယ်လိုပဲရောရော
ရောလို့မရတဲ့ မူလအရောင်ဟာ
မနက်ခင်းရဲ့ ဆောင်းဖွေးဖွေးမှာ
သွေးက စကားပြောလိမ့်မယ်
အတွင်းအားတွေလည်း ထွက်လာလိမ့်မယ်
သေချာတယ် ။
•ပြာသိုဆောင်းဦး နှစ်ကူးနဲ့အတူ
မာယာတေးက ကဗျာလား…
နှစ်ကူးတေးက လကင်္ာလား…
မိခင်တေးက အခရာလား…
မဝေဝါးစေချင်ဘူး
ပြာသိုမှာပွင့်တဲ့ ခွာညိုဖူးကိုပဲ ပန်ချင်တယ်။
အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်
၂၇၆၁ ၊ ၈၄ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အား ဤကဗျာဖြင့် ကြိုဆိုဂုဏ်ပြုသည်
(၂• ၁ •၂၀၂၂)