Home သတင်း KNU ဖားအံခရိုင်နယ်‌မြေတွင် ကိုဗစ်ပိုးစစ်‌ဆေး‌တွေ့ရှိမှု‌ကြောင့် ‌လော့‌ဒေါင်းချမှတ်

KNU ဖားအံခရိုင်နယ်‌မြေတွင် ကိုဗစ်ပိုးစစ်‌ဆေး‌တွေ့ရှိမှု‌ကြောင့် ‌လော့‌ဒေါင်းချမှတ်

2260

ဇူလိုင်လ ၁၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင် ထိန်းချုပ်နယ်‌မြေအတွင်း၌ ကိုဗစ်ပိုး ကူးစက်မှုများ ‌တွေ့ရှိလာ သည့်အတွက် ဇူလိုင်လ ၁၃ရက်၊ ယ‌နေ့မှစ၍ ရက်သတ္တနှစ်ပတ်ကြာ Lock Down ချမှတ်လိုက်‌ကြောင်း ၎င်းခရိုင်၏ အ‌ရေး‌ပေါ်‌ကော်မတီထံမှ သိရှိရသည်။

အဆိုပါနယ်‌မြေတွင် ပြီးခဲ့သည့် ဇွန်လကုန်‌လောက်က ကိုဗစ်ပိုး စတင် စစ်‌ဆေး‌တွေ့ရှိလာခဲ့ပြီး ဇူလိုင်လ ၁၃ရက်‌နေ့မှ ၂၇ရက်‌နေ့အထိ ယင်းသို့ တားဆီးကာကွယ်ပိတ်ပင်သွားရန် ‌ကေအဲန်ယူ ဖားအံခရိုင်နှင့် မြို့နယ်တာဝန်ရှိသူတို့ ပူး‌ပေါင်း ကာ ညွှန်ကြားချက်ထားသည်ဟု ဖားအံခရိုင်၏ အ‌ရေး‌ပေါ်‌ကော်မတီဥက္ကဌ ‌နော်ရှီးဝါးက ‌ကေအိုင်စီသို့ ယခုလို ‌ပြော သည်။

“ကျမတို့ ‌ခေါင်း‌ဆောင်‌တွေကလည်း လမ်းညွှန်မှု‌တွေ ‌ပေးတယ်။ ခရိုင်နှင့်တပ်မဟာ ပူး‌ပေါင်းပြီး‌တော့ ‌လော့‌ဒေါင်းချ တယ်။ ကျမတို့ခရိုင်ထဲမှာ ကိုဗစ်ပိုး‌တွေ့တာရှိတဲ့အတွက် အများပြည်သူကြား တခြားသူများကို ‌ရောဂါပိုး ကူးစက်ပြန့် ပွားမှု မရှိရ‌အောင် ထိန်းချုပ်ထားတာဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌ဒေသတွင် ကိုဗစ်နိုင်တီး ‌ရောဂါပိုး ‌တွေ့ရှိသူမှာ ၂ဝဦး‌ကျော်ရှိပြီး ယခုဆိုလျှင် တ‌နေရာနှင့်တ‌နေရာ သွားလာခြင်း၊ အိမ်လည်ခြင်းနှင့် နယ်စပ်၌သွားလာခြင်း မပြုလုပ်ရန်တို့အပြင် ‌ဒေသတွင်းရှိ ‌ကျောင်းများကိုလည်း တစ်ပတ်ကြာ ပိတ် ထားရန် တာဝန်ရှိသူများက ညွှန်ကြားထားခြင်းရှိသည်ဟုလည်း သူမက ဖြည့်စွက် ‌ပြောဆိုသည်။

‌ကေအဲန်ယူ၏ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW)ကလည်း ဖားအံခရိုင်အပြင် ကျန်ခရိုင်အသီးသီးရှိ ခရိုင်နှင့် မြို့နယ်များအကြား တ‌နေရာနှင့်တ‌နေရာ မဖြစ်မ‌နေ သွားလာရမည်ဆိုပါက လူစုလူ‌ဝေး‌ရှောင်ရန်၊ ကျန်းမာ‌ရေး ‌ထောက်ခံစာရယူရန်နှင့် အကယ်၍ ကိုဗစ်‌ရောဂါ အန္တရာယ်ဖြစ်‌စေသည့်‌နေရာဖြစ်‌စေ၊ ‌လော့‌ဒေါင်းချမှတ်ထားသည့် ‌နေရာမှ ပြန်လည်‌ရောက်ရှိလာလျှင်ဖြစ်‌စေ သီးသန့် ကွာရန်တင်း ၁၄ရက် ဝင်‌ရောက်ကြရန်လည်း ထုတ်ပြန်ထားသည်။

ထို့အပြင် အဝင်အထွက်ဂိတ်များ၌ အသွားအလာမှတ်တမ်းများ ‌သေချာလုပ်‌ဆောင်ရန်နှင့် သတ်မှတ်ထားသည့် စည်း ကမ်းများကို တိကျ‌သေချာစွာ လိုက်နာ‌ဆောင်ရွက်ရန်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၉ရက်‌နေ့က ထုတ်ပြန်ထားခဲ့ပြီး ဖြစ် သည်။

လတ်တ‌လော ကိုဗစ်တတိယလှိုင်း ကူးစက်မှုနှုန်းမြင့်မားလာပြီး ထိုအ‌ခြေအ‌နေကို အခွင့်‌ကောင်းယူကာ စစ်‌ကောင်စီမှ KNU နှင့် ထိစပ်နယ်‌မြေရှိ ကိုဗစ်စစ်‌ဆေး‌ရေးဂိတ်များတွင် ကိုဗစ်အ‌ကြောင်းပြုပြီး နယ်‌မြေစိုးမိုး‌ရေး လုပ်‌ဆောင်မှုများရှိ သည်ဟု သိရှိရသည်။