ဇူလိုင် ၁၂ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၏ စစ်ကောင်စီဥက္ကဌဖြစ်သူ ဦးမျိုးဟန်သည် Covid -19 ပိုး ကူးစက်ခံရသည်ဟု မြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရှိရသည်။
ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် မြို့နယ် စစ်ကောင်စီဥက္ကဌအား ကိုဗစ်ပိုးစစ်ဆေးသည့် ကိရိယာဖြင့် စစ်ဆေးရာတွင် COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ မြို့နယ်အုပ်ချုပ်ရေးမှူး ပိုးတွေ့တယ်။ ခုဆေးရုံမှာ ကုသမှုခံယူနေတယ်။ အနီးကပ်ထိတွေ့ထားတဲ့ လူတွေ စစ်ဆေးမယ်လို့ ပြောတယ်။ သူ့ဝန်ထမ်းတွေလည်း ပါမှာပေါ့။ အခုလည်း ပိုးတွေ့လူနာထပ်တိုးတာရှိတယ်။ ဆေးရုံဝန်ထမ်းတွေကိုလည်း စစ်ဆေးမှုတွေ လုပ်နေတယ်” ၎င်းက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် ကိုဗစ်ပိုးကူးစက်ခံရမှု ထပ်မံဖြစ်ပွားပြီးနောက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စာသင်ကျောင်းများနှင့်လမ်းမကြီးအချို့တွင် သွားလာကန့်သတ်မှုများ ပြုလုပ်လာပြီး ကိုဗစ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးကျော်ရှိသည်ဟု အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။



















