မေလ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ထမ့်ဟင် ဒုက္ခသည်စခန်းတွင် ယမန်နေ့ မေလ ၁ဝရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၉ ဦးအထိရှိနေပြီဖြစ်သည်ဟု စခန်းတာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၅၉ဦးတွင် စိုးရိမ်ရသည့် ရောဂါလက္ခဏာများ မတွေ့ရသည့်အတွက် စခန်းအပြင်ဘက်ရှိ နီးစပ်ရာ ထိုင်းအစိုးရဆေးရုံများတွင် ကုသခြင်းမရှိဘဲ စခန်းအတွင်းရှိ ကိုဗစ်ကု သရေးစင်တာတွင်သာ ဆေးကုသပေးထားသည်ဟု စခန်းကော်မတီဝင်တစ်ဦးဖြစ်သည့် နော်အဲမလီက ကေအိုင်စီသို့ ပြောသည်။
” အခုထိ သေဆုံးသူမရှိသေးပါဘူး။ စခန်းမှာ ပိုးစတွေ့တာက ဧပြီ ၂၂ရက်နေ့မှာ တွေ့တာပေါ့။ ကူးစက်ခံရ သူကလည်း စခန်းမှာပဲနေပါတယ်။ အပြင်ကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့ သူ့သားဆီကနေတစ်ဆင့် စပြီးကူး စက်တာဖြစ်တယ်။ အခုက စခန်းတစ်ခုလုံးပဲ အိမ်အပြင်ဘက်ထွက်ပြီးလိုက်သွားခွင့်မပေးတော့ဘူး။ စည်းကမ်း ထုတ်ထားတာပေါ့နော်။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း တစ်အိမ်တစ်ယောက်ပဲ ထွက်ခွင့်ပေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
စခန်းအတွင်းရှိ နေထိုင်သူများထဲတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ တဖြည်းဖြည်းများလာသည့်အတွက် ကူးစက်မှု ဆက်လက်မပြန့်ပွားစေရန် ရောဂါထိန်းချုပ်သည့်အနေဖြင့် စခန်း၏ အထွက်အားလုံးကို ပိတ်ချ (Lockdown ) ထားသည့်အပြင် စခန်းအတွင်းနေထိုင်သူအားလုံးကိုလည်း နေအိမ်တွင်းနေထိုင်ရန်(Stay at Home) အမိန့် ထုတ်ထားလိုက်သည်ဟု သိရသည်။
စခန်းတွင်းနေထိုင်သူ နော်ဒါးဒါးက “ စားဖို့သောက်ဖို့ဆန်တွေကတော့ TBC က ပေးထားတာရှိတော့ ချွေ တာပြီး စားရတာပေါ့။ ဒါပေမယ့် အဲဒီတစ်ခုထဲပဲ စားလို့မရဘူးလေ။ အသီးအရွက်တွေဝယ်စားဖို့လည်း ဒီအချိန်မှာ စခန်းထဲကို ဝင်လာတဲ့လမ်းမရှိတော့အခက်အခဲတော့ရှိတာပေါ့။ ဆိုင်မှာတစ်ခုခုသွားဝယ်ရင်လည်း တစ်ယောက်ပြီးမှတစ်ယောက်သွားဝယ်ရတယ်” ဟုကေအိုင်စီသို့ပြောသည်။

ဒုက္ခသည်စခန်းအတွင်းရှိနေထိုင်သူများသည် နှစ်ပေါင်းကြာလာသည့်အမျှ မိသားစုစားဝတ်နေရေးအတွက် စခန်းအပြင်ဘက်တွင် အသီးအရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားမှုရှိကာ လက်ရှိတွင် ကိုဗစ်ရောဂါကြောင့် စခန်းအပြင်ထွက်ပြီး စိုက်ပျိုးခွင့်မရတော့ကြောင်းလည်း စခန်းတွင်းနေထိုင်သူများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘမ့်ဒုံယမ်းနှင့် အမှတ် (၁)၊ အမှတ် (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် စုစုပေါင်း ဒုက္ခသည် စခန်း(၉)ခုရှိပြီး လူဦးရေ ၉၀၀၀ဝ (ကိုးသောင်း) ကျော်ခိုလှုံလျက်ရှိသည်။
ထိုင်းနိုင်ငံ လဘူရီခရိုင်ထဲရှိ ထမ့်ဟင်ဒုက္ခသည်စခန်းတွင် လက်ရှိတွင် လူဦးရေ ၅၀၀ဝ ကျော်ခိုလှုံ လျက်ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ ( KRC)၏ စာရင်းအရ သိရှိရသည်။ ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှု နေ့စဉ်များလာသည့်အတွက် လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းရှိ ထမ့်ဟင်အပါအဝင် အခြား မြန်မာ ဒုက္ခသည်စခန်းများတွင်လည်း အဝင်အထွက်အားလုံးကို ကန့်သတ်ပိတ်ပင်ထားသည်ဟု သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ စုစုပေါင်း (၈၆၉၂၄)ရှိပြီး သေဆုံးသူ (၄၅၂) ဦးရှိကြောင်း ထိုင်းကျန်းမာရေးဌာန၏ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။



















