S.မင်းခိုက်သူ (P.T.N)
မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှတို့ ဝင်ရောက်လာသည့်အချိန်မှစ၍ မြန်မာပြည်တွင် သတင်းစာလုပ်ငန်း စတင်ပေါ်ပေါက်လာသည်။ ဗြိတိသျှတို့နှင့်အတူ သတင်းစာလုပ်ငန်း ပါလာ သည်ဟုယူဆလက်ခံကြသည်။ မြန်မာဘုရင် ဘကြီးတော်လက်ထက်(၁၈၂၄-၁၈၂၆)အဂင်္လိပ်မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီး ရန္တပိုစာချုပ်အရ ရခိုင်ပြည်နယ်နှင့် တနသင်္ာရီနယ်ကို ဗြိတိသျှတို့လက်သို့ ပေးလိုက်ရသည်။ ၁၈၂၅ခု၊ဩဂုတ်လ၁ရက်နေ့ကစ၍ ဗြိတိသျှတို့က မစ္စတာမိန်းဂီး ဆိုသူကို တနသင်္ာရီနယ်ဖြစ်သော ထားဝယ်နယ်၊မြိတ်နယ်တို့ကို စတင်အုပ်ချုပ်ရန် ဝန်ရှင်တော်မင်းကြီးအဖြစ် ခန့်အပ်သည်။
ပထမ၌ အဂင်္လိပ် အရှေ့အိနိ္ဒယကုမ္ပဏီကို ပလောပီနံနယ်ရှိ ဝေလမင်းသားကျွန်းသည် ဘုရင်ခံမင်းကြီး လက်အောက်ခံဖြစ်၍ နောင်တွင် အိနိ္ဒယဘုရင်ခံချုပ်က တိုက်ရိုက်အုပ်ချုပ်လေသည်။ ၁၈၃၄ခုနှစ်ဝန်ရှင်တော်မင်းကြီး မစ္စတာဘလန်ဒယ်လ် လက်ထက်၌ တနသင်္ာရီနယ်ကို ဘဂင်္လားအစိုးရလက်အောက်ခံ အဖြစ်ဖြင့် အုပ်ချုပ်လေသည်။
မစ္စတာဘလန်ဒယ် လက်ထက်၌ပင် မြန်မာပြည်တွင် ပထမဆုံးသတင်းစာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအခါက အမေရိကန် အဂင်္လိပ်သာသနာပြု ဆရာများက ခရစ်ယာန်ဘာသာပြန့်ပွား ရေးအတွက်လုပ်ကိုင်နေသော ပုံနှိပ်စက်များ အကူအညီဖြင့် သတင်းစာစက်တင်ထုတ်ဝေခြင်း ဖြစ်သည်။ ပထမဆုံးပေါ်ထွက်လာသော သတင်းစာမှာ အဂင်္လိပ်လူမျိုး ဂျော့ဟယူးဆိုသူက အယ်ဒီတာအဖြစ် ဆောင်ရွက်သည့် ‘မော်လမြိုင်ခရော်နီကယ်’ ဖြစ်သည်။ ထိုသတင်းစာကို ၁၈၃၆ခုနှစ်၊ မတ်လ၃ရက်နေ့တွင် စတင်ထုတ်ဝေသည်။ အဂင်္လိပ်ဘာသာဖြင့် ထုတ်ဝေခြင်းဖြစ်သည်။
၁၈၃၂ခုနှစ်တွင် စကောကရင်စာပေ ပေါ်ထွက်လာသည်။ ထို့နောက် ၁၈၄၁ခုနှစ်တွင် ပိုးကရင်စာပေ ပေါ်ထွက်လာသည်။ ၁၈၃၇-ခုနှစ်တွင် ထားဝယ်နှင့်မြိတ်မြို့များ၌ အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့က ထားဝယ်မြို့တွင် ပုံနှိပ်စက်တစ်လုံး တည်ထောင်သည်။ ကျမ်းပြုသူများမှာ ဒေါက်တာဂျိုနသန်ဝိတ်၊ ဒေါက်တာမေဆန်၊ ခရက်၊ စမစ်နှင့် ဘန်းနက်(ပုံနှိပ်တိုက်အုပ်ချုပ်သူ)တို့ ဖြစ်ကြသည်။ ဘန်းနက်က စကောကရင်ဘာသာဖြင့် ကျမ်းစာတွေကို တာဝန်ခံထုတ်ဝေသလို ပိုးကရင်ဘာသာစာပေကို မစ္စတာရမ်းနီးက ပိုးကရင်ဘာသာဖြင့် ကျမ်းစာတွေကို တာဝန်ခံပုံနှိပ်ထုတ်ဝေသည်။
၁၈၄၂-ခုနှစ်တွင် စကောကရင်ဘာသာဖြင့် ဆာထူဝေါခေါ် အရုဏ်ကြယ်လစဉ်မဂ္ဂဇင်း ထွက်လာသည်။ တစ်လတစ်ကြိမ် စကောကရင်စာပေ(ဘာသာ)ကို လစဉ်မဂ္ဂဇင်းအဖြစ် ပေါ်ထွက်လာ ခဲ့ခြင်းကြောင့် ကရင်များသည်မိမိတို့၏ စာပေကို လေးစားလျက် တန်ဖိုးထားချစ်မြတ်နိုးကြသည်ဟု ဆိုရပါမည်။ ယနေ့မျက်မှောက်ခေတ်တွင် ယေဘုယျအားဖြင့် ဘာသာရေးမဂ္ဂဇင်းစာစောင်များ တစ်လတစ်ကြိမ်သာထုတ်ဝေ သကဲ့သို့ ထိုစဉ်က စကောကရင်စာပေဖြင့်ဆာထူဝေါခေါ် အရုဏ်ကြယ်မဂ္ဂဇင်းကိုလည်း လစဉ် ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရသည်။ ထို့ နောက်ပိုင်းတွင် စကောကရင်စာပေနှင့် အဂင်္လိပ်စာပေသည် ကရင်များလွန်စွာ လေ့လာလိုက် စားမှုရှိခဲ့ကြသည်ကို တွေ့ရပါသည်။ ယခုမှမဟုတ်ပေ။ ရှေးယခင်ကတည်းကပင် ခရစ်ယာန် ဘာသာဝင် ကရင်များသည် အဂင်္လိပ်စာ၌ အများထက်တော်ကြသည်ကို တွေ့ရသည်။ ပညာရေး လိုက်စားမှု၏ အကျိုးရလဒ်ပင်ဖြစ်သည်။ စကောကရင်ဘာသာစာအုပ်နှင့် အဂင်္လိပ်စာ အုပ်များကိုလည်းအဆက်မပြတ် ထုတ်ဝေလာလျက် ရှိသည်ကို တွေ့ရလေသည်။
၁၈၄၆-ခုနှစ်တွင် ကရင်အဂင်္လိပ်ဝေါဟာရ ကျောင်းသုံးစာအုပ်၊ ၁၈၄၉-ခုနှစ်တွင် ကရင်အဂင်္လိပ်အဘိဓာန်၊ ၁၈၄၃-ခုနှစ်တွင် စကောဘာသာဖြင့် သမ္မာကျမ်း စာ၊ ၁၈၅၁-ခုနှစ်တွင် စကောဘာသာဖြင့် ဓမ္မဟောင်းရေးသားပြီးစီး နိုင်ခဲ့သလို ထုတ်ဝေနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် စကောနှင့်ပိုးကရင်ဘာသာတွေကို ဘာသာရေးဆိုင်ရာကျမ်းစာနှင့် တကွ လောကဓာတ်ဆိုင်ရာအကြောင်း အရာတွေကိုလည်း ဆက်လက်ထုတ်ဝေနိုင်ခဲ့ကြသဖြင့် ကရင်စာပေတိုးတက်လာမှုမှာ အားရစရာကောင်းလှကို တွေ့ရလေသည်။
အထက်ပါ သတင်းစာသမိုင်း မှတ်တမ်းအရ ‘မော်လမြိုင်ခရော်နီကယ်’ သတင်းစာကို ၁၈၃၆ခုနှစ်၊ မတ်လ၃ရက်နေ့တွင် အဂင်္လိပ်ဘာသာဖြင့် ပုံနှိပ်ထွက်ပေါ်ခဲ့သလို ၁၈၄၂-ခုနှစ်တွင် စကောကရင်ဘာသာဖြင့် ‘ဆာထူဝေါ’ (ခေါ်) ‘အရုဏ်ကြယ်လစဉ်မဂ္ဂဇင်း’ ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရပါသည်။ ထို့တူ မြန်မာဘာသာဖြင့် ပထမဆုံးထုတ်ဝေသော သတင်းစာမှာ မော်လမြိုင်ကပင်ထုတ်ဝေသည့် ‘ဓမ္ဓ သိတင်းစာ’ အမည်ရှိသတင်းစာဖြစ်သည်။ ထိုသတင်းစာကို ခရစ်ယာန်တရား သတင်းစာအဖြစ် မော်လမြိုင်မြို့ရှိ အမေရိကန် သာသနာပြုဆရာများက ၁၈၄၂ခုနှစ်တွင် ကြီးမှူးထုတ်ဝေခြင်းဖြစ်သည်။ တရားသတင်းစာ ဆိုသော်လည်း ထိုသတင်းစာထုတ်နေစဉ် ဒုတိယ အဂင်္လိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားသဖြင့် ထိုစစ်ပွဲ သတင်းများကိုလည်း ဖော်ပြခဲ့ပေသည်။
ဤတွင် ၁၈၄၂ခုနှစ်တွင် စကောကရင်ဘာသာဖြင့် ဆာထူဝေါမဂ္ဂဇင်းကို ထုတ်ဝေနိုင်သလို မြန်မာဘာသာစာပေဖြင့် ခရစ်ယာန်တရား သတင်းစာကို မော်လမြိုင်မြို့ရှိ အမေရိကန် သာသနာပြုဆရာများက ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရခြင်းဖြင့် ၁၈၄၂ခုနှစ် အတွင်းမှာပင် ကရင်စာပေနှင့် မြန်မာစာပေတို့ကို အတူတူ ပုံနှိပ်ထုတ်ဝေ နိုင်ခဲ့သည်ကို တွေ့ရခြင်းဖြစ်သည်။
ထို့ပြင် ၁၈၄၃-ခုနှစ်တွင် စကောဘာသာဖြင့် သမ္မာကျမ်း စာ၊ ၁၈၄၉-ခုနှစ်တွင် ကရင်အဂင်္လိပ်အဘိဓာန်၊၁၈၅၁-ခုနှစ်တွင် စကောဘာသာဖြင့် ဓမ္မဟောင်းရေးသားပြီးစီးသည်။ ၎င်းတို့ကို ကရင်ဘာသာစာအုပ်အဖြစ်သို့ ထုတ်ဝေနိုင်ခဲ့သော်လည်း မြန်မာစာပေသည် စာအုပ်အဖြစ်သို့ ထုတ်ဝေနိုင်ခြင်း မရောက်ရှိသေးပဲ သတင်းစာအဖြစ်သာ စတင်ထုတ်ဝေ ရောက်ရှိခဲ့သည်။
၁၈၄၂ခုနှစ်က မြန်မာဘာသာဖြင့် ပထမဆုံးထုတ်ဝေသော ‘ဓမ္ဓသိတင်းစာ’ တွင် ဖေါ်ပြသော အဂင်္လိပ်+မြန်မာဒုတိယစစ်ပွဲ သတင်းမှာအောက်ပါ အတိုင်းတွေ့ရလေသည်။
‘ဧပြီလ၂ရက်(၁၈၅၂) တန်ခူးလဆန်း၁၄ရက်နေ့၌ အဂင်္လိပ်ရေကြောင်း စစ်ဘုရင်သည် မီးသင်းဘောငယ်တစီးကို အလံဖြူစိုက်လျက် ရန်ကုန်မြို့သို့ တက်ရောက်အောင် စေလွှတ်လျှင်မီးသင်းဘောသည် သီလဝါတပ်ရှိရာသို့ ရောက်သည်ရှိသော်၊ တပ်ကတင်ကူး၍ ပစ်ခတ်သော် မီးသင်းဘောသည် ပြန်လှန်၍ ပစ်ခတ်သည်တွင် ဗုံးဆံတလုံးကျ၍ ယမ်းတိုက်ကို တိမိသဖြင့် ဘုံးကနဲထ၍ လူများစွာသေဆုံးကြသည်။ ယင်းတပ်ကို အမြောက်နှင့်ပစ်၍ စဲငြိမ်းသည်ရှိသော် မြန်မာတဖက်တချက်ရှိသော အခြားသောကင်းတပ်နှစ်တပ်က ပစ်ပြန်လျှင် မီးသင်ဘောဆီက ထိုတပ်တို့ကိုလည်း ပစ်ပြန်သဖြင့် ၄၅မိနစ်ခန့် ကြာသည်ရှိသော် နှစ်တပ်စလုံးသည် ငြိမ်းရလေ၏။
အလံဖြူပါသော်လည်း ကင်းတပ်က ပစ်ခတ်သည်ကို မီးသင်းဘောဗိုလ်သည် မြင်သောအခါ ရန်ကုန်မြို့သို့ရောက်အောင် တိုး၍မသွား။ ဗိုလ်ကြီးထံသို့ပြန်၍ အမိန့်ရှိတော်ကို နားထောင်လေသည်။ စစ်ဘုရင်သည်လည်း ထိုအမှုကို ထောက်သော် မြန်မာမင်းတို့သည် ရန်ကိုပြေငြိမ်းအောင်အလျဉ်းသင့်မပြု။ စစ်တိုက်မည်ဟု သဘောထားလျက်ရှိသည်ကို သိရသည်ဖြစ်၍ စစ်တိုက်ခြင်းငှါချက်ချင်းစီရင်ပြီးလျှင် ရန်ကုန်မြစ်မှာရှိသော တပ်များကို တိုက်သည့်အမှုကို ဗိုလ်ကြီးကမ္ဓိုဒိုလမ်ဘတ်၌ လွှဲအပ်၍ မော်လမြိုင်မြို့သို့ လှည့်လာလေသည်။
တန်ခူးလပြည့်ကျော်(၁)ရက်နေ့၌ ရေကြောင်းစစ်ဘုရင်၊ ကြည်းကြောင်းစစ်ဘုရင် နှစ်ပါးစလုံးသည် မော်လမြိုင်မြို့သို့ ရောက်လျှင် မုတမမြို့ကို တိုက်စေမည်အကြံနှင့် မီးသင်းဘော တစင်းနှင့်ထွက်သွား၍ ကြည့်ရှုစေလေသည်။ ယင်းလပြည့်ကျော် (၂)ရက် တနင်းလာနေ့ နံနက်စောစောတွင် မီးသင်းဘော လေးစင်းပါလျက် မုတမမြို့သို့ တက်သွား၍ အသီးသီး နေရာများကို ရွေးပြီးမှတနာရီခန့် ပစ်ခတ်ကြပြီးလျှင် ကုန်းပေါ်သို့ တက်၍ မြို့ထဲသို့ တက်တိုးကြသော် မြန်မာလူရှိသမျှတို့သည် ထွက်ပြေးကြလေ၏။ အဂင်္လိပ်ရဲမက် တို့သည်လည်း တောင်တဖက် တချက်ရှိသော လမ်းတို့နှင့် တောင်ပေါ်၌ ကျော်သောလမ်းတို့ကို လိုက်ကြသော်လည်း များစွာသော လူတို့ကို မမှီရကြ။
စစ်ပွဲကြီးပြီးလျှင် လူသေတို့၏ အကြောင်းကို မေးသောအခါ မြန်မာလူ၁၂ယောက်ခန့်သာသေရလိမ့်မည် ယူစရာလကဏာကို မြင်ရသည်။ အထိအခိုက် ခံရသော လူတယောက်ကိုလည်းတောင်ထဲက ဆောင်ခဲ့ကြ၏။ အဂင်္လိပ် ဘက်ကမူကား စစ်ပွဲမှာသေသော စစ်သူရဲမရှိ။ သို့သော်လည်း လူနာထမ်းသမား တယောက် သေချေ၏။ အထိအခိုက်ရသော လူ၁၂ရှိသည်။ နှစ်ဖက်စလုံး၌ ထိုမျှလောက်နည်းသောသူတို့ သေကြသည်ကို အံ့ဩစရာ အကြောင်းဖြစ်သည်’။
မှတ်ချက်။ ။မူလသတ်ပုံ သတ်ညွှန်းအတိုင်း ပင်ဖြစ်သည်။
အထက်ပါ ၁၈၅၂ခုနှစ်က အစောဆုံးတွေ့ရသော မြန်မာဘာသာဖြင့်ရေးသော သတင်း ပင်ဖြစ်သည်။ယင်းအရေးအသားများသည် ရှေးခေတ်က အရေးအသားများဖြစ်၍ ယခုခေတ် အရေးအသားနှင့် မတူဘဲကွဲပြားလျက် ရှိသည်ကိုတွေ့ရပါမည်။
ထိုစဉ်က အဂင်္လိပ်+မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ရာကာလပင် ဖြစ်၍ မြန်မာသတင်းစာပင် မထွက်သေးသော အချိန်ပင်ဖြစ်သည်။ ‘ဓမ္ဓ သိတင်းစာ’ ဘာသာရေး စာစောင်၌ စတင်ရေးသားသော စစ်သတင်းကို ပထမဦးဆုံးအဖြစ် တွေ့ရပါသည်။
သတင်းစာများ ထုတ်ဝေမှုမှာလည်း ရတနာပုံနေပြည်တော် သတင်းစာထုတ်ဝေသည့် အချိန်ထက် စောသောကြောင့် စာဖြင့် သတင်းဖြန့်ချိရေးလုပ်ငန်းကို မြန်မာဘုရင်ဩဇာ သက်ရောက်မှုမရှိသော မြန်မာပြည်အတွင်းရှိ နယ်ပယ်က ရတနာပုံ နေပြည်တော်ထက် စောစွာလုပ်ကိုင်နေပြီးဟု ဆိုရပါမည်။ သတင်းစာထုတ်ဝေမှု သမိုင်းတွင် တွေ့ရလေသည်။ (ဆက်ရန်)
S.မင်းခိုက်သူ (P.T.N)
ကျမ်းကိုး။ ။(၁)ရှေးဦးမြန်မာသတင်းစာ။(မောင်သစ်လွင်)
(၂)နှစ်-၁၀ဝပြည့် မန္တလေး။ (ရွှေကိုင်းသား)
(၃)တိုင်းရင်းသားရိုးရာဓလေ့ထုံးစံ(ကရင်)
ကျမ်းကိုး။ ။(၁)ရှေးဦးမြန်မာသတင်းစာ။(မောင်သစ်လွင်)
(၂)နှစ်-၁၀ဝပြည့် မန္တလေး။ (ရွှေကိုင်းသား)
(၃)တိုင်းရင်းသားရိုးရာဓလေ့ထုံးစံ(ကရင်)



















