အောက်တိုဘာလ ၂၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ ကျေးရွာအနီးတစ်ဝိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ယနေ့ (အောက်တိုဘာလ ၂၃ ရက်) နှစ်ဖက်တာဝန်ရှိသူများ ထပ်မံတွေ့ဆုံမှုမှ ရရှိလာသည့် ညှိနှိုင်းသဘော တူညီချက်များကို လူထုထံအသိပေးရှင်းလင်းမှုများ ပူးပေါင်းပြုလုပ်သွားမည်ဟု နှစ်ဖက်တာဝန်ရှိများက ကေအိုင်စီသို့ ပြောသည်။
KNU ဒူးပလာခရိုင် ဝင်းရေးမြို့နယ်က စိုက်ထူထားသည့် ကရင်အမျိုးသားအလံအား မွန်ပြည်သစ်ပါတီဘက်က သုံးကြိမ်တိုင် လာရောက်ဖြုတ်ချခဲ့သည်ဟုဆိုကာ အောက်တိုဘာလ ၁၇ရက် နှင့်၂၁ ရက်နေ့တွင် KNU နှင့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တို့ကြား နှစ်ဖက်ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာရှိ ဒေသခံလူထုများ နေအိမ်စွန့်ပြီး စစ်ရှောင်နေရမှုများဖြစ်ပေါ်ခဲ့ခြင်း ကြောင့် ယခုလို လူထုရှင်းလင်းပွဲကို လုပ်ဆောင်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။
မွန်ပြည်သစ်ပါတီမှ ဒုဗိုလ်မှူးကြီး နိုင်အမ်စိုက်ချမ်းက “ခုလောလာဆယ် နှစ်ဖက်သဘောတူညီမှု ရသွားပြီး။ အတူတကွ နေသွားဖို့နဲ့ ဖြစ်နေတဲ့ပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းသွားဖို့ နှစ်ဖက်သဘောတူတယ်။ လူထုတွေကို ရှင်းလင်းမှု လုပ်သွားမယ်။ အဓိက တော်လှန်ရေး အင်အားစု ၂ ခုဖြစ်တဲ့အပေါ် ဘယ်လိုဖြစ်ဖြစ် အတူယှဉ်တွဲနေထိုင်ဖို့က ရှေးရှုသွားမယ်” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တွေ့ဆုံမှုတွင် မိမိတို့ဘဝတူတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း နှစ်ဖက်တပ်များ ထိပ်တိုက်မဖြစ်ပွားရေး အောက်ခြေအဆင့်ဆင့်သို့ ညွှန်ကြားရန်၊ ပြဿနာဖြစ်လာပါက အင်အားသုံးဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာ သွား ကြရန်နှင့် မိမိတို့ အဖွဲ့အစည်းအချင်းချင်း အတူတကွ ယုံကြည်မှု တည်ဆောက်ပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားကြရန် နှင့် မွန်၊ ကရင် ပြည်သူလူထုအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွ နေထိုင်သွားကြရန် သဘောတူကြောင်း ယနေ့ ( အောက်တို ဘာလ ၂၃ရက်) ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာတွင် နှစ်ဖက်တပ်စခန်းချခြင်း၊ နေထိုင်ခြင်း၊ စစ်ဝတ်စုံနှင့် လက်နက်များ ကိုင်စွဲသွားလာ ခြင်းမပြုရ၊ လတ်တလောကာလတွင် နှစ်ဖက်ညှိနှိုင်းပြီးမှ အလံစိုက်ထူသွားရန်၊ အငြင်းပွားမှုဖြစ်သည့် တပ်ဖွဲ့ဝင်များကို အစားထိုး သွားရန် သဘောတူသည်ဟု ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
“စစ်ပြန်လည်မဖြစ်ဖို့ ညှိနှိုင်းတာ ပြေလည်ကြပါပြီး။ နှစ်ဖက်သဘောတူညီချက် ၈ ချက်လည်းရတယ်။ အရင်က သူတို့ သိမ်းယူထားတဲ့ ကျည်ဆံတွေ ပြန်လည်လွှဲအပ်ပေးဖို့ သဘောတူတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေမှာ ကျည်ထိမှန်မှုအချို့ရှိတဲ့ လူနေအိမ်တွေကို နှစ်ဖက်ကူညီဖြေရှင်းသွားဖို့ သဘောတူတယ်။ လူထုတွေကို နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ရှင်းလင်းပွဲပြုလုပ်သွားဖို့ သဘောတူတယ်” ဟု KNLA တပ်မဟာ ၆၊ တပ်ရင်း ၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောရွှေဝင်းက ကေအိုင်စီသို့ ပြောသည်။
၁၉၈၈ ခုနှစ်အချိန်ကာလတွင် KNU နှင့် မွန်ပြည်သစ်ပါတီတို့ ဘုရားသုံးဆူမြို့တွင်း ရက်ပေါင်း ၂ဝ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်နှင့် အရပ်သားစုစုပေါင်း ၂ဝဝ နီးပါးသေဆုံးခဲ့ရသည်။ ၂ဝ၁၆ ခုနှစ်တွင် နယ်မြေအငြင်းပွားမှုပြဿနာကြောင့် တစ်ကျော့ပြန် ပစ်ခတ်မှုပြန်လည်ဖြစ်ပွားခဲ့သည်မှာ ၁၅ ကြိမ်ထက်မနည်းရှိသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။
KNUနှင့် မွန်ပြည်သစ်ပါတီတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် -NCA တွင် လက်မှတ်ထိုးထားသော အဖွဲ့များဖြစ်ကြသည်။