ဩဂုတ်လ ၁၆ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ
နေပြည်နယ်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်းတွင်ရှိသည့် ကရင်ဖြူနေထိုင်ရာ တောင်တန်း ဒေသပေါ်တွင် ဒေသခံမဟုတ်သူများမှ စီးပွားဖြစ် မျှစ်များအလွန်အကျူး ဝင်ရောက်ခုတ်ယူမှုများ လာခြင်း ကြောင့် တားမြစ်ပိတ်ပင်မှုများ ပြုလုပ်နေရကြောင်း ကရင်ဖြူဒေသခံများက ပြောသည်။
ထိုသို့စီးပွားဖြစ် ဝင်ရောက်ခုတ်ယူ သယ်ဆောင်မှုများကြောင့် ကရင်ဖြူဒေသခံဥယျာဉ်ခြံမြေပေါ်ရှိ အပင်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာသည့်အတွက် ဒေသခံနှင့်အတူ ကရင်ဖြူလူငယ်များ၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိ သူများနှင့် ဒေသရှိပြည်သူ့စစ်များမှ စုပေါင်းပြီး တားမြစ်လိုက်ရခြင်းလည်း ဖြစ်သည်။
“အခုချိန်ဖာလာတွေ ပွင့်တဲ့အချိန်ဖြစ်တော့ ဖာလာပင်တွေကိုလည်း ထိခိုက်တယ်။ သူများစိုက်ထားတဲ့ အ ပင်တွေလည်း ထိခိုက်ပျက်စီးတယ်။ တချို့ဆိုရင် သူများကွမ်းနွယ်တွေကို ခုတ်ယူသွားတာလည်း ရှိတယ်။ ပျက် စီးမှု တအားများလာတာကြောင့် ဒေသခံတွေက မခံနိုင်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့တွေ တိုင်ပင်ပြီး တားမြစ်လိုက်ရတာဖြစ်တယ်” ဟု ကရင်ဖြူလူငယ်ဥက္ကဌ စောသန်းတိုးအောင်က ကေအိုင်စီသို့ ပြောသည်။
ရေနီမြို့၊ မြို့လှမြို့ နှင့် ပျဉ်းမနားမြို့အနီးအနားတွင် နေထိုင်သူအချို့မှ မျှစ်ဒိုင်သို့ သွင်းရန်နှင့် အခြား မြို့ သို့ရောင်းချရန် မျှစ်ခုတ်ယူသယ်ဆောင်မှု တစ်နေ့လျှင် ပျမ်းမျှ ဆိုင်ကယ် အစီးရေ ၅ဝ ကျော် ရှိကြောင်း
ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပျဉ်းမနားမြို့နယ် ဘန့်ဘာအုပ်စု လဖက်တောင်မှစတင်ပြီး အထက်ဘက်ရှိ တောင်တက်လမ်းတစ်လျှောက်ရှိရွာ များတွင် အပြင်လူများ ဝင်ရောက်မျှစ်ခုတ်ယူခြင်းကို ယခုလ ၁၃ရက်နေ့တွင် စတင်ပိတ်ပင်လိုက်သော်လည်း ပိတ်ပင်တားမြစ်သည့်ကြားမှ စီးပွားဖြစ်မျှစ်ခုတ်ယူသူများမှာ မကြာခဏဆိုသလို ဝင်ရောက်ခုတ် သူများရှိနေသေးသည်ဟုလည်း ဒေသခံများက ဆိုသည်။
အဆိုပါ တောင်ပေါ်ဒေသတွင် ကရင်ဖြူအများစုနေထိုင်ရာ ဒေသဖြစ်သလို အများစုမှာ တောင်ယာနှင့် ဥယျာဉ်ခြံ လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကြပြီးမျှစ်များကို အလွန်အကျွံခုတ်ယူမှုများဖြစ်ပေါ်လာသည့် အတွက် ယခုနှစ်တွင် ထိုသို့တားဆီးပိတ်ပင်လိုက်ရခြင်းလည်းဖြစ်သည်ဟု ကရင်ဖြူ ဒေသခံများက ပြောသည်။