Home သတင်း ဝင်း‌ရော်မြစ်ကူးတံတား တည်‌ဆောက်‌ပေးရန် ‌ဒေသခံများလိုလား

ဝင်း‌ရော်မြစ်ကူးတံတား တည်‌ဆောက်‌ပေးရန် ‌ဒေသခံများလိုလား

2353

ဧပြီ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ ခလယ်-တံခွန်တိုင် တိုက်နယ်သို့ ချိတ်ဆက်သွားလာ နိုင်‌ရေးအတွက် ဝင်း‌ရော်မြစ်ကူးတံတားတစ်စင်း တည်‌ဆောက်‌ပေးရန် မြစ်အ‌ရှေ့ဘက်ကမ်းတွင် ‌နေထိုင်သည့် ‌ဒေသခံများက လိုလားသည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝင်း‌ရော်မြစ်အ‌ရှေ့ဘက်ကမ်းရှိ ‌ကျေးရွာ‌ပေါင်း ၂ဝ ‌ကျော်တွင်‌နေထိုင်သည့် ‌ဒေသခံများအ‌နေဖြင့် ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် ‌ဒေသထွက်ကုန်များသယ်ယူပို့‌ဆောင်‌ရေးနှင့် ခလယ်-တံခွန်တိုင်တိုက်နယ်သို့ ချိတ်ဆက် သွားလာနိုင်‌ရေးအတွက် ယခုလို မြစ်ကူးတံတားတစ်စင်း တည်‌ဆောက်‌ပေးရန် လိုလားခြင်းဖြစ်သည်ဟု မြစ် အ‌ရှေ့ဘက်ကမ်းရှိ ကွမ်က‌သောင်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ဦးတင်ဝင်း‌အောင်က ဧပြီ ၂၃ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ မြစ်ကူးတံတားရှိသွားရင် ‌ကျေးရွာ‌ပေါင်း ၂ဝ ‌ကျော် သွားလာမှု အဆင်‌ပြေသွားမယ်။ ဒီကထွက်တဲ့ လယ်ယာ၊ ရာဘာကုန်ကြမ်း‌တွေကို ချိတ်ဆက်ပို့ရတာ လွယ်ကူသွားမှာ‌ပေါ့‌နော်။ ‌ကျောင်းသား‌တွေကိုလည်း ခလယ်-တံခွန်တိုင် ‌ကျောင်းကို‌နေချင်းပြန် တက်လို့ရတယ်။ အ‌ရေး‌ပေါ်လူနာ‌တွေဆို မြစ်ကူးတံတားရှိရင်‌ဆေးရုံကို ၁၅ မိနစ်‌လောက်နဲ့ ‌ရောက်တယ်။ ‌ဒေသဖွံ့ဖြိုးမှု‌နောက်‌နှေး‌နေတဲ့အတွက် တံတားလိုချင်တာပါ” ဟု ‌ပြောသည်။

ခလယ်-တံခွန်တိုင် တိုက်နယ်တွင် မီးသတ်ရုံး၊ တိုက်နယ်‌ဆေးရုံ၊ ရဲစခန်း၊ အထက်တန်း‌ကျောင်း၊ စာစစ်ဌာန၊ ကုန်စည်နှင့် ဝန်‌ဆောင်မှုလုပ်ငန်းများစွာရှိပြီး အ‌ထွေ‌ထွေကိစ္စရပ်များအတွက် ခလယ်-တံခွန်တိုင်သို့လာ‌ရောက်ရာတွင် မြစ်ကူးတံတားမ ရှိသည့်အတွက် ကမ်းကူးဇက်‌ရေယာဉ်ခ ဆိုင်ကယ်တစ်စီးလျှင် ၁,ဝဝဝ ကျပ်၊ ကုန်ပစ္စည်းတင်ကားတစ်စီးလျှင် ၁၅,ဝဝဝ ကျပ် ကုန်ကျသည်ဟု ‌ဒေသခံများက ‌ပြောသည်။

အလားတူ ကမ်းအ‌ရှေ့ဘက်‌နေ‌ဒေသခံ ဦးလှက “ ရွာမှာ ပညာ‌ရေးက အလယ်တန်းအဆင့်နဲ့ ပြီးဆုံးပြီ။ ခလယ်-တံခွန်တိုင် ဘက် ကမ်းက‌နေ မြစ်ကူးတံတားရှိသွားရင် က‌လေး‌တွေ ‌နေ့ချင်းပြန် ‌ကျောင်းပို့လို့ရပြီး‌ပေါ့။ စားသုံးကုန်နဲ့ ‌ဒေသထွက် ကုန်‌တွေ သူတို့ဘက် ‌နေစဉ်‌ရောင်းဝယ်ယူ‌နေရတယ်။ တံတားလိုချင်လို့ မြစ်အ‌နောက် ဘက်ကမ်းတံခွန်တိုင်ရွာစပ်အထိ လမ်းသွားပြင်ထားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို နယ်‌မြေလိုအပ်ချက်အရ ဝင်း‌ရော်မြစ်ကူးရန် ကွမ်က‌သောင်တံတားနှင့် ဖာဒလယ်မြစ်ကူး ‌ဘေလီ တံတား နှစ်စင်း တည်‌ဆောက်‌ပေးရန် ပြည်နယ်လွှတ်‌တော်တွင် ‌တောင်းဆိုထားပြီး ရရှိလာမည့် ဘတ်ဂျက်အရ အုပ်ချုပ်‌ရေးပိုင်းက လုပ် ‌ဆောင်‌ပေးသွားမည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ‌စောတင်ဝင်းက ‌ကေအိုင်စီသို့ ‌ပြော သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးမျိုး‌အောင်က “လမ်း‌တွေကိုပဲ ဆက်‌ကြောင်းမိ‌အောင် လုပ်‌နေတာ ‌တွေ့တယ်။ ကြာအင်းဆိပ်ကြီးအ‌နောက်ကမ်းနဲ့ သံပုရာတံတား‌တွေလည်း လိုအပ်ပြီး အ‌ရေးကြီးပါတယ်။ အရင် ဖြစ်သင့်တယ်။ ဝင်း ‌ရော်ဆိပ်ကြီးတံတား‌ဟောင်းလည်း ပြန်လည်အဆင့်မြှင့်တင်သင့်တာ‌ပေါ့။ ကွမ်က‌သောင် တံတား‌ရော၊ ဖာဒလယ် တံတား‌ရော နှစ်စင်းစလုံး ကျ‌နော့်ဆီ ညွှန်ကြားတာတို့ ခွင့်ပြုချက်ချတာတို့ မရှိ‌သေးဘူး” ဟု ဧပြီ ၂၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝင်း‌ရော်မြစ်ကူး ကွမ်က‌သောင်မြစ်ကူးတံတားရရှိရန် ယခင်စစ်အစိုးရလက်ထက်က လာ‌ရောက်တိုင်းတာမှုများ ပြုလုပ်ခဲ့ဖူး‌သော်လည်း တံတားတည်‌ဆောက်နိုင်ခြင်းမရှိခဲ့သလို ၂ဝ၁၂ ခုနှစ်တွင် ‌ဒေသခံများက ပြည်နယ် အစိုးရထံ ထပ်မံတင်ပြခဲ့ဖူးသည်ဟု ‌ဒေသခံများထံမှ သိရသည်။