နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အခြေစိုက် တာကပေါလူမှုအဖွဲ့ဝန်ထမ်းဖြစ်ခဲ့သူ နော်ချစ်ပန်းတိုင်အသတ်ခံရမှုတစ် နှစ်ကြာချိန်ထိ တရားခံဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အပေါ် အမြန်ဖမ်းမိရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့ မော်မှ ဆိုင်ရာရဲတပ်ဖွဲ့အပေါ် တိုက်တွန်းပေးရန် မိသားစုဝင်များက နိုဝင်ဘာ ၁၉ ရက်နေ့တွင် စာရေး တောင်းဆိုလိုက် သည်။
အဆိုပါ နော်ချစ်ပန်းတိုင် အသတ်ခံရသည့် တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲကို သူ့မမိသားစုဝင်များက ဦး ဆောင်ကာ ထားဝယ်မြို့၊ သောမူးဆူး ကရင်နှစ်ခြင်းအသင်းတော်၌ နိုဝင်ဘာ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီ တွင်ပြုလုပ်ခဲ့ ပြီး အခမ်းအနားတွင် အမှုအမြန်ဆုံး ဖော်ထုတ်ပေးရန် လက်မှတ်စုဆောင်းခဲ့ကာ ယင်းလက် မှတ်များနှင့်အတူ ဝန်ကြီးချုပ်ထံ စာရေးတောင်းဆိုခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ တာကပေါလူမှုအဖွဲ့ ဒါရိုက်တာ နော်ပိသလောက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ ဒီအမှုကို ဆက်ပြီးတွန်းတွန်းတိုက်တိုက် စုံစမ်းစစ်ဆေးဖို့၊ ဝန်ကြီးချုပ်အနေနဲ့ တိုက်တွန်းပေးဖို့ စာရေး လိုက်တယ်။ အဲ့ဒါနဲ့အတူ တက်ရောက်လာတဲ့သူတွေကို လက်မှတ်စုဆောင်းတဲ့ အခါကျတော့ ၁၀၂ ယောက် က လက်မှတ် ရေးထိုးတယ်။ အဲ့ဒီလက်မှတ်တွေနဲ့ အတူ ဝန်ကြီးချုပ်ဆီကို စာပို့မယ်။ အဲ့ဒါလေးကို သူ့အမေက ပြင်ထားတယ်” ဟု နိုဝင်ဘာ ၂ဝ ရက်နေ့တွင် ပြောသည်။
နော်ချစ်ပန်းတိုင်သည် အကြီးစားစီမံကိန်းများ၊ သတ္တုတူးဖော်ရေးနှင့် မြေယာသိမ်းဆည်းခံရ မှုများကြောင့် ဒေသခံများ အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ထိခိုက်နစ်နာမှုများအပေါ် ကူညီလုပ်ဆောင်ပေးနေသည့် တာကပေါလူမှုအဖွဲ့၏ ဝန်ထမ်း ဟောင်းဖြစ်ခဲ့သလို မြေမြှုပ်မိုင်းအန္တရာယ်အကြံပေးအဖွဲ့-MAG တွင် တာဝန်ထမ်းဆောင်နေရင်း ဝါသနာအရ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း ၌ မြန်မာနိုင်ငံ၊ ဂီတအစည်းအရုံး ရံပုံငွေအဆို ပြိုင်ပွဲဝင်ရန် သွားရောက်စဉ် ည ၈နာရီခန့် အချိန်တွင် ပွဲစင်မြင့်အနီး ဓားထိုးခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
ထိုသို့ အသတ်ခံရမှုနှင့် ပတ်သက်၍ အစိုးရအနေဖြင့် အမှုမှန် အမြန်ဖော်ထုတ်ပေးရန် ထားဝယ်မြို့ အခြေစိုက် တာကပေါ၊ ထားဝယ်အမျိုးသမီးသမဂ္ဂ၊ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်)နှင့် တနသင်္ာရီ မြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားများကွန်ရက် စသည့်လူမှုအဖွဲ့အစည်း ၂၃ ဖွဲ့က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ရက် နေ့တွင် ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့ဖူးသလို လက်ရှိ အချိန်ထိ တရားခံဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။



















