Home ဆောင်းပါး အဖူးစကား ကြားနိုင်ကြ‌စေချင်

အဖူးစကား ကြားနိုင်ကြ‌စေချင်

4882

(မန်းထိန်ဝင်းစိန်)

̏ ‌စောဘဦးကြီးရဲ့ဝိညာဉ်‌တွေသာ ဒီဘုရား‌ကျောင်းနံရံ‌တွေမှာ ရှိ‌နေရင် ကျုပ်ကို ဟားတိုက်ရယ်‌မောမှာပဲ˝။
ဒီစကားဟာ အဖူး‌စောဟန်တာသာ‌မွှေး ‌နောက်ဆုံး အင်းစိန်‌တောင်သူကုန်း ဘုရား‌ကျောင်းတွင် ‌ပြောသွားခဲ့‌သော စကားဖြစ်သည်။ အဖူးရဲ့‌နောင်တ စကားလား၊ ကရင်ပြည်သူ‌တွေကို ‌နောက်ဆုံးမှာ စကားလားဆိုတာ ဘုရားသခင် ‌ခြေ‌တော် ရင်းကို ခိုလှုံပြီးဖြစ်တဲ့ အဖူးတစ်‌ယောက်သာ သိနိုင်‌ပေမည်။ သို့‌သော် ကရင်ပြည်သူ‌တွေအတွက် စဉ်းစားစရာ‌တွေ အများကြီး ရှိ‌နေ‌ပေသည်။

၁၉၄၇၊ စက်တင်ဘာလ(၂၄)ရက်‌နေ့တွင် ဖဆပလမှ ‌ရေးဆွဲ‌သော အ‌ခြေခံဥပ‌ဒေကို အတည်ပြုခဲ့သည်။ ထိုအ‌ခြေခံ ဥပ‌ဒေသည် ဗိုလ်ချုပ်‌အောင်ဆန်းနှင့် တိုင်းရင်းသား‌ခေါင်း‌ဆောင်များ သ‌ဘောတူ ‌ရေးဆွဲခဲ့‌သော ပင်လုံစာချုပ် ကတိကဝတ်များ မှာ ‌သွေဖီပြီး ပြည်‌ထောင်စု ရည်မှန်းချက်အစား တစ်ပြည်‌ထောင်စနစ် ဖြစ်သွားခဲ့သည်။ ၁၉၄၇၊ ‌အောက်တိုဘာလတွင် ကျင်းပ ‌သော ‌ကေအဲန်ယူ ‌မော်လမြိုင်ကွန်ဖရင့် ဆုံးဖြတ်ချက်အရ ၁၉၄၈ခု၊ ‌ဖေ‌ဖော်ဝါရီလ (၁၁)ရက်‌နေ့တွင် တစ်ပြည်လုံး ကရင်လူထု အင်အား ၁၄၅၁၀ဝ ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။

သို့‌သော် ဖဆပလ အစိုးရသည် ‌ကေအဲန်ယူကို စစ်‌ရေးဖြင့်သာ တုန့်ပြန်ခဲ့သဖြင့် ‌ကေအဲန်ယူသည်လည်း ၁၉၄၉၊ ဇန်န ဝါရီလ (၃၁)ရက်‌နေ့တွင် ခုခံ‌ရေးစစ်ကို ‌ရွေချယ်ခဲ့ရသည်။ အဲဒီ‌ကေအဲန်ယူ ကရင့်‌တော်လှန်‌ရေးကို ‌စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်း ‌ခေ၊ မန်းဘဇန်တို့နှင့်အတူ အဖူး‌စောဟန်တာသာ‌မွှေးတို့ ဦး‌ဆောင်ခဲ့သည်။ ၁၉၄၉ ခု၊ ဇန်နဝါရီလ (၃၁)ရက်၊ နံနက် (၆)နာရီအ ချိန်တွင် ဖ.ဆ.ပ.လ စစ်တပ်သည် သမိုင်း ခဝဲခြံ ကရင်ရပ်ကွက်ကို စတင်တိုက်ခိုက်ရာမှ အင်းစိန်တိုက်ပွဲ စတင်ဖြစ်ခဲ့သည်။

တစ်ဆက်တည်းမှာပင် အလုံ ကရင်ရပ်ကွက်သည်လည်း မီးရှို့ခြင်းခံရသည်။ ထိုအချိန်တွင် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းက မည်သူ့အမိန့်ဖြင့် ‌ဆောင်ရွက်သည်ကို ဝန်ကြီးချုပ် ဦးနုအား ‌မေးမြန်းခဲ့သည်။ ထိုကိစ္စ‌ဆောင်ရွက်သူမှာ ဗိုလ် ချုပ်စမစ်ဒွန်း၏ လက်‌ထောက် ဗိုလ်‌နေဝင်းဖြစ်‌ကြောင်း သိရသည့်အခါ ဗိုလ်ချုပ်စမစ်ဒွန်းလည်း ရာထူးမှ နုတ်ထွက်ခဲ့သည်။ ကာကွယ်‌ရေးဝန်ကြီး ဦးဗ‌ဆွေသည်လည်း ဗိုလ်‌နေဝင်းကို ကာကွယ်‌ရေးဦးစီးချုပ် ခန့်အပ်လိုက်သည်။ သမိုင်းခဝဲခြံမှ ကရင်အရပ် သူအရပ်သားများလည်း အင်းစိန်သို့ ‌ပြောင်း‌ရွှေ့ခိုလှုံလာကြသည်။

ဖ.ဆ.ပ.လ စစ်တပ်မှ အင်အား(၂၀၀၀)ခန့် အင်းစိန်ရှိ ကရင်များကို တိုက်ခိုက်ရန် စု‌ဝေး‌နေကြသည်။ ထိုသတင်းကို ကြားသိရ‌သောအခါ မဂင်္လာဒုံရှိ အ‌မြောက်တပ်မှ ဗိုလ်မှူး‌အောင်စိန် ဦးစီး‌သော တပ်အကူအညီဖြင့် ‌ကေအဲန်ဒီအို အင်အား (၁၀၀၀)ခန့် ‌ဖေ‌ဖော်ဝါရီလ (၁)ရက်၊ နံနက်(၅)နာရီအချိန်တွင် အင်းစိန်ကိုတိုက်ရန် စု‌ဝေး‌နေသည့် ဖ.ဆ.ပ.လ စစ်တပ်ကို စတင် တိုက်ခိုက်ရာ နံနက်(၈)နာရီတွင် အင်းစိန်မြို့ကို ‌ကေအဲန်ဒီအိုတို့ ကာကွယ်သိမ်းပိုက်နိုင်ခဲ့သည်။ အင်းစိန်ကို ‌ကေအဲန်ဒီအိုတို့ မသိမ်းပိုက်နိုင်ပါက အင်းစိန်တွင် စု‌ဝေး‌နေကြသည့် ကရင်လူထုအ‌ရေးသည် မ‌တွေးဝံ့စရာပင်။ တစ်ဆက်တည်းပင် တွံ‌တေးမြို့ ကိုလည်း ‌ကေအဲန်ဒီအိုတို့ သိမ်းပိုက်လိုက်ပြီရာ ဖ.ဆ.ပ.လ အစိုးရ၏ ရန်ကုန်မြို့သည် ကုန်းလမ်း၊ ‌ရေလမ်း အဆက်ပြတ်လျက် (၇)မိုင်ပတ်လည် အစိုးရ ဖြစ်‌နေ‌ပေ‌တော့သည်။

ထိုအချိန်တွင် ဖ.ဆ.ပ.လ အစိုးရသည် ‌ကေအဲန်ဒီအိုကိုတိုက်ရန် ကွန်မြူနစ်များနှင့် ‌စေ့စပ်ရာတွင် မ‌အောင်မြင်သဖြင့် ဝန်ကြီးချုပ်ဦးနုမှ အဂင်္လိပ်သံအမတ်ကြီး မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ် ‌ဒေါက်တာရက်စ်၊ ပါကစ္စတန်သံအမတ် မစ္စတာအာ လီ၊ အဂင်္လိကန်ဂိုဏ်းချုပ် ဘိ‌ရှော့ဝက်စ်၊ ဆာစံစီဖိုး၏သမီး မစ္စဘ‌မောင်ချိန်တို့ကို ချဉ်းကပ်ပြီး ဦးနုက ‌စောဘဦးကြီးထံသို့ ငြိမ်း ချမ်း‌ရေးစကား ကမ်းလှမ်းခဲ့သည်။ ၁၉၄၉၊ ဧပြီလ (၆)ရက်‌နေ့တွင် ‌စောဘဦးကြီးသည် မန်းဂျိမ်းထွန်း‌အောင်၊ ‌စောဘ‌လေ၊ ဘိ‌ရှော့ဝက်စ်တို့နှင့်အတူ အင်းစိန်မှ ရန်ကုန်သို့သွားခဲ့သည်။ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲတွင် အဖက်ဖက်မှ လှည့်ပတ်ဖိအား‌ပေး ခြင်း‌ကြောင့် ‌ကေအဲန်ယူမှ လက်နက်ချပြီး ကရင်ပြည်နယ်အ‌ရေးကို ‌ဆောင်ရွက်ရာ သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့ကြသည်။
လက်နက်ချပွဲကိုလည်း သမိုင်း ဦး‌သော်ပုဂံစက်တွက် ပြုလုပ်ရန်ဖြစ်သည်။ (မှတ်ချက်=‌စောဘဦးကြီးသည် ဗြိတိသျှအင်ပါယာ တစ်ခုလုံးကို အမှုလိုက်နိုင်သည့် Bar At law ဘွဲ့ရရှိခဲ့‌သော်လည်း နိုင်ငံ‌ရေးတွင် သတိလက်လွှတ်ဖြစ်ခဲ့ခြင်းသည် သင်ခန်းစာယူ စရာ)
sawbaugyi-208x3001
‌စောဘဦးကြီး အင်းစိန်သို့ ပြန်‌ရောက်‌သောအခါ အင်းစိန်ရှိ ‌ကေအဲန်ယူ၊ ‌ကေအဲန်ဒီအို ‌ခေါင်း‌ဆောင်များဖြစ်‌သော မန်းဘဇန်၊ အဖူး ‌စောဟန်တာသာ‌မွှေး၊ ဗိုလ်မှူး‌အောင်စိန်တို့မှ ကရင်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်‌သော ကရင်ပြည်အ‌ရေး ကို တင်ပြထားပြီဖြစ်‌ကြောင်း နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲထားပြီး စစ်ဖြစ်ရသည့်အ‌ကြောင်းကို ‌ဖြေရှင်းရန်သာ လက်ခံနိုင် မည်။ လက်နက်ချခြင်းကို လက်မခံနိုင်‌ကြောင်း ဆုံးဖြတ်ကြပြီး ၁၉၄၉ ဧပြီလ (၈)ရက်‌နေ့တွင် ရန်ကုန် ဖ.ဆ.ပ.လ အစိုးရထံ အဖူး‌စောဟန်တာသာ‌မွှေး၊ အင်းစိန်စစ်‌မြေပြင် စစ်ဆင်‌ရေးမှူး ဗိုလ်မှူး‌အောင်စိန်တို့ လက်မှတ်‌ရေးထိုး ပြန်ကြားလိုက်ရာ ငြိမ်းချမ်း ‌ရေး ‌ဆွေး‌နွေးပွဲ ပျက်ပြီး အင်းစိန်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားခဲ့သည်။

ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲကာလ ရန်ကုန်ဆိပ်ကမ်းတွင် အိန္ဒိယမှ သ‌ဘေင်္ာနှစ်စင်း စစ်လက်နက် အပြည့်အစုံဖြင့် ‌ရောက် ရှိခဲ့သည်။ သို့‌သော် တိုင်းပြည်ကိုသတင်းအ‌မှောင်ချထားပြီး ပါလာသည့် ရှင်သာရိပုတ္ထရာနှင့် ရှင်‌မောဂ္ဂလန်တို့၏ ဓာတ်‌တော်ကို ဗန်းပြပြီး သမ္မတ စပ်‌ရွှေသိုက်မှ ဓာတ်‌တော်များကို ပင့်‌ဆောင်ပြီး ‌ရွှေတိဂုံဓာတ်‌တော်တိုက်တွင် အပူ‌ဇော်ခံ ကိန်းဝပ်‌စေခဲ့သည်။ ဖ.ဆ.ပ.လ အစိုးရကို အဂင်္လိပ်ဝန်ကြီးချုပ် ချာချီမှ အင်း‌တော်၊ အင်း‌လေး၊ အင်းယား၊ အင်းမ၊ စစ်‌ရေယာဉ်(၄)စင်း ကူညီခဲ့သည်။ အ‌မေရိကန် သမ္မတ ထရူးမင်းကလည်း ဖ.ဆ.ပ.လ ကို ‌ဒေါ်လာ(၁၀)သန်း ကူညီခဲ့သည်။

ဗိုလ်ချုပ်စမစ်ဒွန်း‌နေရာတွင် ကာကွယ်‌ရေးဦးစီးချုပ်ဖြစ်လာ‌သော ဗိုလ်ချုပ်ကြီး‌နေဝင်းသည် ၁၉၄၉၊ ဇူလိုင်-ဩဂုတ်လ ‌လောက်တွင် ဗမာပြည်၏ ပထမဦးဆုံး စစ်မစ်ရှင်ဖြင့် ဗြိတိန်နှင့် အ‌မေရိကန် သွား‌ရောက်၍ စစ်လက်နက် ပစ္စည်းအ‌မြောက်အ မြား ဝယ်ယူခဲ့သည်။ ပြည်တွင်းစစ်အရှိန်ကိုများစွာ ယုတ်‌လျော့ကျဆင်း‌စေသည့် သံချပ်ကာယာဉ်အစီး (၂၀၀)ကိုလည်း ဝယ်ယူ ခဲ့သည်။

၁၉၄၉၊ ‌မေလ (၂၂)တွင် ကရင့်‌တော်လှန်‌ရေး ‌ခေါင်‌ဆောင်များသည် အင်းစိန်တစ်ဖက်ကမ်း လှိုင်မြစ်ကို ဖြတ်ကူးစဉ် ၁၉၄၉၊ ဇန်နဝါရီလ (၃၁)မှ ‌လေ(၂၂)အထိ အင်းစိန်တိုက်ပွဲသည် ရက်‌ပေါင်း(၁၁၁)ရက်ကြာခဲ့သည်။ ထန်းတပင်မြို့နယ်၊ ကြာ အင်း‌ဇောင်းရွာတွင် အစည်းအ‌ဝေးပြုလုပ်ကြပြီး ဥက္ကဌ ‌စောဘဦးကြီး၊ ‌ကေအဲန်ဒီအို ဗိုလ်ချုပ်စိုင်း‌ခေ၊ လူငယ်တာဝန်ခံ စ‌ကော ‌မော‌လေးတို့မှ အ‌ရှေ့‌ကော်သူး‌လေ(‌တောင်ငူ)သို့ သွား‌ရောက် တာဝန်ယူရန်နှင့် မန်းဘဇန်နှင့် အဖူး‌စောဟန်တာသာ‌မွှေးတို့အား မြစ်ဝကျွန်း‌ပေါ်ကို တာဝန်ယူရန် တာဝန်ခွဲကြသည်။

အ‌ရှေ့‌ကော်သူး‌လေကို တာဝန်ယူရန် သွားကြရာတွင် လမ်းခရီး၌ လူငယ်တာဝန်ခံ စ‌ကော‌မော‌လေးကျဆုံးခဲ့ပြီး ၁၉၅ဝ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်‌နေ့တွင် ဥက္ကဌ ‌စောဘဦးကြီးနှင့် ဗိုလ်စိုင်း‌ခေတို့ ကျဆုံးပြန်ရာ ကရင့်‌တော်လှန်‌ရေးသည်လည်း မန်း ဘဇန်နှင့် အဖူး‌စောဟန်တာသာ‌မွှေးတို့ နှစ်ဦး၏ပုခုံး‌ပေါ်တွင် လုံးလုံးကျ‌ရောက်‌တော့သည်။ ကရင်‌တော်လှန်‌ရေး၏ အ‌ခြေအ‌နေ အရပ်ရပ်ကိုသုံးသပ်ပြီး (၁၉၅၃)ခုနှစ်၊ ဇွန်လ(၉)ရက်‌နေ့-ဝါးခယ်မမြို့နယ် ပါးရိုက်‌သောင်တန်း(ပရိုက်ဟုအသံထွက်သည်) ‌ကျေး ရွာတွင် ‌ကေအဲန်ယူ ကွန်ဖရင့်တစ်ခုကို ကျင်းပပြီး စစ်‌ရေး၊ နိုင်ငံ‌ရေးလမ်းစဉ်သစ်တစ်ခုကို မန်းဘဇန်နှင့် အဖူး‌စောဟန်တာသာ ‌မွှေးတို့ ကရင့်‌တော်လှန်‌ရေးကို ဆက်လက်ဦး‌ဆောင်ခဲ့သည်။

‌ကေအဲန်ယူကိုလည်း ‌ကေအဲန်ယူပါတီဟု အမည်‌ပြောင်းလိုက်ပြီး ၎င်းစစ်‌ရေး၊ နိုင်ငံ‌ရေးလမ်းစဉ်ကိုလည်း ကရင်‌တော် လှန်‌ရေး ဒုတိယလမ်းစဉ်ဟု အမည်သတ်မှတ်ခဲ့ပြီး ပါးရိုက်‌သောင်တန်းရွာတွင် ကျင်းပခဲ့သည့် ကွန်ဖရင့်ကို ဝိန့်‌ထောင်ကွန်ဖရင့် (‌ရွှေမြို့‌တော် ကွန်ဖရင့်)ဟု အမည်‌ပေးခဲ့သည်။ ၎င်း ဒုတိယလမ်းစဉ်ကို ၁၉၅၃ခုမှ စတင်၍ ဧရာဝတီတိုင်းတွင် ကျင့်သုံးခဲ့ပြီး ၁၉၅၅ခုတွင် အဖူး‌စောဟန်တာသာ‌မွှေးမှ အ‌ရှေ့‌ကော်သူး‌လေတိုင်းသို့ သွား‌ရောက်ချပြကျင့်သုံးခဲ့သည်။ saw-hunter-tharmway
၁၉၆၃၊ ဇွန်လ (၁၁)ရက်‌နေ့သို့‌ရောက်‌သောအခါ ဗိုလ်‌နေဝင်းအစိုးရသည် ‌တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအား လုံးကို ငြိမ်းချမ်း‌ရေး ဖိတ်‌ခေါ်ခဲ့သည်။ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ မ‌အောင်မြင်ပါက လာသည့်‌နေ့ရာအထိ ပြန်ပို့‌ပေးမည်ဖြစ်ပြီး (၇)ရက်အတွင်း ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ပါဟူ‌သော ကတိကိုလည်း ‌ကြေညာခဲ့သည်။ ၁၉၆၃ ဧပြီလ (၂၀)ရက်‌နေ့ က‌ဆောဝါးညီလာခံတွင် အဖူး‌စောဟန်တာသာ‌မွှေးသည် သူကိုယ်တိုင် ပါဝင်ချမှတ်ခဲ့သည့် ကရင့်‌တော်လှန်‌ရေး၏ ဒုတိယလမ်း စဉ်နှင့် ဆန့်ကျင်သည့် အဆိုတစ်ခုကို တင်သွင်းခဲ့သည်။ ညီလာခံတွင် အများစုက လက်မခံသည့်အခါ ‌နောက်လိုက်(၁၀)ဦးနှင့် အတူ ညီလာခံမှ ခွဲထွက်ခဲ့သည်။

အဖူးတို့အဖွဲ့သည် ဗိုလ်‌နေဝင်း အစိုးရနှင့် ငြိမ်းချမ်း‌ရေး သွား‌ရောက်‌ဆွေး‌နွေးခဲ့ပြီး ၁၉၆၄ ခု၊ မတ်လ(၁၂)ရက်‌နေ့တွင် ဗိုလ်‌နေဝင်းထံ အညံ့ခံလိုက်သည်။ ထိုသို့ အညံ့ခံပြီး ဗိုလ်‌နေဝင်း စစ်တပ်နှင့် ပူး‌ပေါင်းပြီး ကရင့်‌တော်လှန်‌ရေးစခန်းဖြစ်‌သော ‌ခေးပူနှင့် ခူမူဒဲစခန်းကို ဝင်‌ရောက်တိုက်ခိုက်ရာ ‌တော်လှန်‌ရေးစခန်းမှ (၁၃)ဦး ကျဆုံးခဲ့ရသည်။ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲကာလ တွင် အဖူး‌စောဟန်တာသာ‌မွှေးနှင့် လူကြီးများကို ဗိုလ်‌နေဝင်းအစိုးရက ရန်ကုန်ကုန်းမြင့်သာတွင် ‌နေရာ‌ပေးထားသည်။

တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်လင်းထင်သည် ကုန်းမြင့်တွင် အမြဲမ‌နေဘဲ သထုံဆက်ဆံ‌ရေးရုံးနှင့် တပ်မဟာ(၅)ဌာန ချုပ် မြစ်ကျိုး‌နေရာတွင်သာ ‌နေ‌လေ့ရှိသည်။ အဖူးနဲ့ ဗိုလ်‌နေဝင်းငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုကို ဗိုလ်လင်းထင် ယုံကြည်မှုမရှိ ဖြစ် လာသည့်အခါ ‌တောထဲပြန်သွားဖို့ အစီအစဉ်ရှိခဲ့သည်။ ၎င်းအစီအစဉ်ကို ဗိုလ်လင်းထင်လက်‌အောက် တပ်ရင်းမှူး ဗိုလ်မှူးကြီးမိုး ဇက်၊ ဒုဗိုလ်မှူးကြီး ကြီး‌ရွှေတို့က ဗိုလ်‌နေဝင်းတပ်ကို သတင်း‌ပေးခဲ့သည်။ ၁၉၆၅၊ စက်တင်ဘာလ (၂၈)ရက်‌နေ့ညတွင် သထုံ၊ ကျုံးကြီးလမ်းရှိ ‌ဒေါက်တာ‌စောဟိန်‌နေအိမ်သို့ ထမင်းသွား‌ရောက်စား‌သောက်စဉ် သထုံစစ်တပ်မှ ဝင်‌ရောက်ဖမ်းဆီးပြီး ‌သေနတ် ဖြင့် ပစ်သတ်လိုက်သည်။ ၎င်းသတင်းကိုလည်း အ‌မှောင်ချထားလိုက်သည် (‌ဒေါက်တာ‌စောဟိန်၏ဇနီး ‌နော်‌ဒေါရစ်သည် အဖူး ‌နောက်ပါသွားသည့် တပ်မဟာ(၃) တပ်မဟာမှူး ဗိုလ်ထရူးမင်း၏ နှမဖြစ်သည်)။
ဗိုလ်လင်းထင်နှင့် ပတ်သက်သည့် ၎င်း၏ကိုယ်‌ရေးအရာရှိ ‌စောဂျူး အပါအဝင် ဗိုလ်ပြူး-ဗိုလ်မှူးကြီး ဖားလူ‌ကျော်၊ ဗိုလ် မှူး‌ဝေထူး(ဗိုလ်စိုင်း‌ခေသား)၊ ဗိုလ်မှူး‌ဂေါ်ဖရီ ဒုဗိုလ်မှူးကြီးဖဲယားက‌လေး၊ ဗိုလ်ဘခက်၊ ခွန်ဘ‌ဆွေ၊ ပဒိုဘွိုင်း၊ ဗိုလ်မှူးမိုး‌ဝေတို့ကို ‌မော်လမြိုင်‌ထောင်ပို့၍ အကျဉ်းချထားလိုက်ကြသည်။ အဖူး‌စောဟန်တာသာ‌မွှေး‌နောက်ကို မယုံကြည်ကြသည့် ‌နောက်လိုက်အ များအပြား ကရင့်‌တော်လှန်‌ရေးသို့ ပြန်လည်ခိုဝင်ကြသည်။

အဲဒီ‌နောက် အဖူး‌စောဟန်တာသာ‌မွှေးကို ပညာ‌ရေးသု‌တေသန ဗျူရိုမှာ အထူးအရာရှိ ပဒိုဘထွန်းကို ကရင်ပြည်နယ် အစိုးရပညာ‌ရေးတာဝန်ခံ ဗိုလ်မှူးကြီးမိုးဇက်ကို ဘီးလင်းပါတီယူနစ် ဥက္ကဌ၊ ဒုဗိုလ်မှူးကြီး ကြီး‌ရွှေကို ကျိုက်ထိုပါတီယူနစ် အတွင်း ‌ရေးမှူး၊ ဗိုလ်မှူးကြီးထရူးမင်းကို ဦးထွန်းလင်းနာမည်နဲ့ ‌တောင်ငူပါတီယူနစ် ဥက္ကဌ၊ ဒုဗိုလ်မှူးကြီး‌စော‌မောင်ဝင်းကို ‌မော်လမြိုင် ‌ထောင်မှထုတ်ပြီး သထုံပါတီယူနစ် ဥက္ကဌ ရာထူး‌တွေနဲ့ ဗိုလ်‌နေဝင်းရဲ့ မ.ဆ.လ ပါတီက သူ‌ကောင်းပြုခဲ့ကြတယ်။ ‌ကေအဲန်ဒီအို ဗိုလ်ချုပ် အဖူး‌စောအုန်း‌ဖေကို‌တော့ ဗိုလ်လင်းထင်ကိစ္စ သတင်းမပို့ဘဲ တာဝန်ရှိသူအဖြစ် ဘာမှသူ‌ကောင်းမပြု‌သော်လည်း အ‌ရေးမယူခဲ့ဘူး။ သူ့သားဖြစ်သူ ဗိုလ်လင်းထင်၏ ကိုယ်‌ရေးအရာရှိကိုသာ ‌မော်လမြိုင်‌ထောင်ထဲ ပို့ခဲ့သည်။
mahnbazan
အဖူး‌စောဟန်တာသာ‌မွှေးသည် ဗိုလ်‌နေဝင်း၏ မ.ဆ.လ လမ်းစဉ်သည် ကရင်ပြည်သူနှင့် တိုင်းရင်းသားပြည်သူအား လုံးအတွက် တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက် မ‌ပေးနိုင်‌တော့‌ကြောင်း မိမိ ငြိမ်းချမ်း‌ရေးလက်မှတ်‌ရေးထိုးခဲ့မိ ခြင်းသည် လက်နက်ချခြင်းသ‌ဘောသာသက်‌ရောက်‌ကြောင်း သိလာခဲ့ရသည့်အခါ အင်းစိန်၊ ‌တောင်သူကုန်း ဘုရားဝတ်ပြု ‌ကျောင်းတွင် ‌စောဘဦးကြီးနှင့်အတူ အင်းစိန်တိုက်ပွဲမှ ဆုတ်ခွါ၍ ရန်ကုန်လှိုင်မြစ်တစ်ဖက်ကမ်းသို့ ကူးခဲ့သည့်အ‌ကြောင်းကို လွမ်း‌မောဖွယ်ရာ ပြန်လည်‌ပြောပြရင်း ̏ဘုရား‌ကျောင်းနံရံ‌တွေမှာသာ ‌စောဘဦးကြီးရဲ့ဝိညာဉ်‌တွေသာရှိ‌နေရင် ကျုပ်ကို ဟား တိုက်ရယ်‌မောမှာ˝ဟူ‌သော ‌နောင်တစကားလား-ဝမ်းနည်းစကားလား(စာ‌ရေးသူ မ‌ဝေခွဲနိုင်‌သော) စကားကို ‌ပြောခဲ့သည်။
‌နောက်ပိုင်းတွင် ဗိုလ်ချုပ်မြက အထူးဆက်သားလွှတ်၍ အဖူး‌စောဟန်တာသာ‌မွှေးနှင့် အဖူးဗိုလ်ချုပ်‌စောအုန်း‌ဖေကို ကရင့်‌တော်လှန်‌ရေး ကမ္ဘာမှာ ရှိ‌သေးတယ်ဆိုတာကို ပြချင်လို့ ကရင့်‌တော်လှန်‌ရေးဆီကို ပြန်လာဖို့ စကားကမ်းလှမ်းခဲ့တယ်။ အဖူး‌စောဟန်တာသာ‌မွှေးနှင့် အဖူး‌စောအုန်း‌ဖေလည်း အသက်အရွယ်နှင့် ကျန်းမာ‌ရေး‌ကြောင့် မသွားနိုင်‌တော့‌ကြောင်း အဖူး ‌စောအုန်း‌ဖေ၏သား (ကို‌စောဂျူး သထုံမှ စာ‌ရေးသူအား ‌ပြောပြခဲ့ဘူးသည်။) အဖူး‌စောအုန်း‌ဖေသည် အသက်(၈၃)နှစ်အရွယ် အမှတ်(၆၈) ‌မော်လမြိုင်၊ အထက်လမ်း‌နေအိမ်တွင် လူကြီး‌ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ အဖူး‌စောဟန်တာသာ‌မွှေးသည် ဆီးချို ‌ရောဂါဖြင့် အသက် (၇၀)နှစ်အရွယ်တွင် မည်သူ့‌ထောက်ပံ့မှုမှမရဘဲ ရန်ကုန်အ‌နောက်ပိုင်း ‌ဆေးရုံကြီးတွင် မိမိစရိတ်ဖြင့်သာ ‌ဆေးဝါးကုသခံရင်း ‌နောက်ဆုံးအင်းစိန်ကြို့ကုန်း‌နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။
သို့‌သော် အဖူး၏ ‌နောက်ဆုံးစကားဖြစ်‌သော-
̏‌စောဘဦးကြီး၏ ဝိညာဉ်‌တွေသာ ဘုရား‌ကျောင်းနံရံမှာ ရှိ‌နေရင် ကျုပ်ကို ဟားတိုက်ရယ်‌မောမှာပဲ˝ ဆို‌သောစကားကို အားလုံး ကြားနိုင်ကြပါ‌စေလို့သာ စာ‌ရေးသူ ဆန္ဒပြုချင်ပါသည်။