ဖေဖော်ဝါရီ ၂၆ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအခြေစိုက် ရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်သည့် ကလေးများဖွံ့ဖြိုးတိုး တက်ရေးစင်တာ (Children Development Center–CDC) အထက်တန်းကျောင်း၏ ဘော်ဒါဆောင်တွင် ဖေဖော်ဝါရီ ၂၅ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ယောက်ျားလေးဘော်ဒါဆောင် (၄)လုံး လောင်ကျွမ်း ပျက်စီးသွားခဲ့သည်။
၎င်းဘော်ဒါဆောင် အဆောင်မှူးဖြစ်သူ စောအေလိယက “အဆောင်ကို မီးစတင် ကူးစက်တာက ညနေ ၄ နာရီ မိနစ် ၅ဝ လောက်မှာပါ။ ဘော်ဒါဆောင်ကပ်လျက်ခြံဖြစ်တဲ့ ကြံခင်း မီးစလောင်တယ်။ အဲဒီကနေ မီးပွားတွေ လေတိုက်ပြီး လွှင့်ရာက ဒီဘက်ကို ကူးစက်လောင်ကျွမ်းတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မီးစတင်လောင်ကျွမ်းသည့် ကြံခင်းနှင့် ကျောင်းသားဘော်ဒါဆောင်မှာ အုတ်တံတိုင်းတစ်ခုခြားသော်လည်း ကပ် လျက် အနေအထားဖြစ်ခြင်း၊ အဆောင်ကို ဖက်မိုး၊ ဝါး၊ သစ်တို့ဖြင့် ဆောက်လုပ်ထားခြင်း၊ စတင် လောင်ကျွမ်း ချိန်တွင် ကျောင်းသားအနည်းငယ်သာ အဆောင်တွင်ရှိနေခြင်းတို့ကြောင့် မီးအား ပိုမိုပြင်းထန်ကာ အချိန်မီ မီးမ သတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယမန်နေ့ညနေ မီးလောင်ကျွမ်းမှုဖြစ်ပွားနေစဉ် မဲဆောက်ရှိ ထိုင်းမီးသတ်ကား ၄စီး ရောက်ရှိလာကာ မီးငြိမ်း သတ်မှုကြောင့် ညနေ ၆နာရီဝန်းကျင်၌ မီးငြိမ်းသွားပြီး အဆောင်နေ ကျောင်းသား (၆၂)ဦးထဲအနက် (၂)ဦးမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
CDC ကျောင်းအုပ် မန်းရွှေနှင်းက “အခု ကျောင်းသားတွေကိုတော့ ကျောင်းမှာပဲ ခဏနေရာချထားပေးတယ်။ အရေးပေါ်အကူညီအတွက်ကတော့ သက်ဆိုင်ရာ ထိုင်းပညာရေးဌာန၊ လူမှုဖူလုံရေးဌာနနဲ့ NGO အဖွဲ့အစည်း တွေနဲ့ အခု အစည်းအဝေးထိုင်နေတုန်းပဲ ဖြစ်ပါတယ်။ အဆောင်ပြန်ဆောက်နိုင်ဖို့ကတော့ အနည်းဆုံး နှစ်လ၊ သုံးလလောက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မီးလောင်ကျွမ်းမှုတွင် အဆောင်နေကျောင်းသားများ၏ အဝတ်အစားများ၊ ကျောင်းဝတ်စုံများ၊ အိုးခွက်ပန်းကန် များ မီးလောင်ကျွမ်းသွားသည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေပြီး မီးလောင်ကျွမ်းမှုအပေါ် ထိုင်း အာဏာပိုင်များက အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။
ယခုမီးလောင်ကျွမ်းသွားသော CDC အထက်တန်းကျောင်း၏ ယောက်ျားလေးဘော်ဒါဆောင်များကို ၂၀၁၂ခုနှစ် က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။



















