Home သတင်း ပထမဦးဆုံးအကြိမ် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် အ‌ခြေခံကွန်ပျူတာသင်တန်း ဒီ‌ကေဘီ‌အေ ပြုလုပ်

ပထမဦးဆုံးအကြိမ် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် အ‌ခြေခံကွန်ပျူတာသင်တန်း ဒီ‌ကေဘီ‌အေ ပြုလုပ်

2123

‌ဖေ‌ဖော်ဝါရီ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)က ၎င်းတို့၏ ရုံးလုပ်ငန်းများ စနစ်တကျ လည်ပတ် သွားရန် ရည်ရွယ်၍ ပထမဦးဆုံးအကြိမ် တစ်လကြာမြင့်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် အ‌ခြေခံ ကွန်ပျူတာ သင်တန်းတစ်ရပ်ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်‌ကျေးရွာ၌ ယ‌နေ့ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

ဇန်နဝါရီ ၂၃မှ ‌ဖေ‌ဖော်ဝါရီ ၂၃ရက်‌နေ့အထိ ပြုလုပ်သည့် ၎င်းသင်တန်းကို အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်-လွတ်‌မြောက်နယ်‌မြေ(NLD-LA) မှ ဦးမြင့်သိဏ်း အပါအဝင် သင်တန်းဆရာဆရာမ ၄ဦးက သင်တန်းသူ သင်တန်းသား ၁၈ဦးအား သင်ကြားပို့ချ‌ပေးခဲ့ပြီး‌နောက် သင်တန်းဆင်းပွဲကို ဒီ‌ကေဘီ‌အေ ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်‌ကျေးရွာ၌ ယ‌နေ့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒီ‌ကေဘီ‌အေ စစ်‌ရေးဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် ‌စော‌မောသိုက “ကျ‌နော်တို့ ရုံးလုပ်ငန်း စနစ်တကျဖြစ်ဖို့၊ ရုံးအဖွဲ့‌တွေ ရုံးလုပ်ငန်းနဲ့ပတ်သက်ပြီး အရည်အချင်းပြည့်ဝဖို့နဲ့ နိုင်ငံ‌ရေး အသိပညာကြွယ်ဝဖို့ ဒီ‌ကေဘီ‌အေ သက်တမ်းတ‌လျှောက်မှာ ပထမဆုံးအကြိမ် ပြုလုပ်‌ပေးတာဖြစ်တယ်။ ပြီး‌တော့ စစ်‌အေးကာလမှာ စည်းရုံး‌ရေး တိုက်ပွဲ ဆင်နွှဲဖို့ ဒီသင်တန်းကို ပြုလုပ်တာလည်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရုံးလုပ်ငန်း စနစ်တကျသွားနိုင်ပါက အဖွဲ့အစည်းလုပ်‌ဆောင်မှုများ တိုးတက်လာမည်ဖြစ်သလို သင်တန်းသူ သင်တန်းသားများအ‌နေဖြင့်လည်း တတ်ထားသည့် အတတ်ပညာဖြင့် အမျိုးသားတာဝန်ကို ဆက်လက် ထမ်း‌ဆောင်သွားရန် လိုအပ်သည်ဟု ဗိုလ်မှူးချုပ် ‌စော‌မောသိုက ဆက်‌ပြောသည်။

အဆိုပါ သင်တန်းတွင် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် အ‌ခြေခံ ကွန်ပျူတာသင်တန်းအပြင် အ‌ခြေခံနိုင်ငံ‌ရေး၊ လူ့အခွင့်အ‌ရေး၊ လူမှုဆက်ဆံ‌ရေး၊ ဥပ‌ဒေဆိုင်ရာ သိသင့်သိထိုက်သည့် အ‌ကြောင်းအရာများ စသည်တို့ကို အဓိက သင်ကြားပို့ချ‌ပေးခဲ့သည်ဟု သိရသည်။

ဒီ‌ကေဘီ‌အေ ဋ္ဌာနချုပ်မှ သင်တန်းသားတစ်ဦးဖြစ်သူ ‌စောထူးက “ကျ‌နော်တို့ ဒီ‌ကေဘီ‌အေမှာ အနှစ် ၂ဝ လုံးလုံး ဒီသင်တန်းကို ပထမဦးဆုံးအကြိမ် လုပ်တဲ့အတွက် ကျ‌နော်အပါအဝင် အခြားသင်တန်းသားအားလုံးလည်း ရုံးလုပ်ငန်းနဲ့ပတ်သက်ပြီး အများကြီးရလိမ့်မယ်လို့ ယုံကြည်တယ်။ ဒီက‌ပေးတဲ့ အတတ်ပညာကို ဋ္ဌာနဆိုင်ရာ‌တွေကို ပြန်‌ပေးသွားမယ်”ဟု ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် သင်တန်းဆင်းပွဲသို့ ဒီ‌ကေဘီ‌အေ စစ်‌ရေးဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ်‌စော‌မောသို၊ ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးထွန်းထွန်း၊ NLD-LA မှ ဦးမြင့်သိဏ်း၊ ဦးထွန်း‌အောင်‌ကျော်၊ ကရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီ(KNU/KNLA-PC)၊ ‌ဒေသခံ ကရင်လူမှုအဖွဲ့အစည်းများနှင့် သင်တန်းသူ သင်တန်းသားများ စုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယခုရုံးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပြီးစီးခဲ့ပြီး‌နောက် ရုံးလုပ်ငန်းသုံး ကွန်ပျူတာလက်‌တွေ့ သင်တန်း တစ်ရပ်ကိုလည်း အချိန်(၃)လ အကြာဖြင့် ဆက်လက်သင်ကြားပို့ချသွားမည်ဖြစ်သည်ဟု ဒီ‌ကေဘီ‌အေက ‌ပြောသည်။

ဒီ‌ကေဘီ‌အေသည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူမှ ခွဲထွက်၍ အစိုးရနှင့် ၁ဝ နှစ်‌ကျော်ကြာ ပူး‌ပေါင်းခဲ့ပြီး ၂၀၁ဝခုနှစ်၌ အများစုမှာ နယ်ခြား‌စောင့်တပ်အဖြစ်သို့ ကူး‌ပြောင်းခဲ့‌သော်လည်း ဗိုလ်ချုပ် ‌စောလားပွယ်ဦး‌ဆောင်သည့် ကလိုထူး‌ဘောအဖွဲ့က အစိုးရနှင့် ၁နှစ်နီးပါး ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့ ပြီး‌နောက် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် ထပ်မံလက်မှတ်ထိုးခဲ့သည်။