နိုဝင်ဘာ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းကျောင်းများ၏ အခြေအနေများကို လေ့လာရန် ထိုင်းပညာရေးဝန်ကြီးဌာနမှ ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့သည် ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Children Development Center–CDC) အထက်တန်းကျောင်း ကို နိုဝင်ဘာလ ၂၇ရက်နေ့က သွားရောက်လေ့လာခဲ့သည်။
ထိုင်းပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ပညာရေးဆိုင်ရာလုပ်ငန်းများပံ့ပိုးဆောင်ရွက်ရေးရုံးမှ လုံခြုံရေးနှင့် ဒီမိုကရေစီရေး ဆိုင်ရာ အဖွဲ့ခေါင်းဆောင် ကီးရမ်းဆက်စီထိစံန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့(၆)ဦးသည် ၎င်းတို့သိလိုသည့် နယ်စပ်ပညာ ရေးအခြေအနေများကို လေ့လာရန် CDC ကျောင်းအုပ် မန်းရွှေနှင်းနှင့် ကျောင်းတာဝန်ရှိသူအချို့အား သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
CDC ကျောင်းအုပ် မန်းရွှေနှင်းက “အဓိကတော့ သူတို့လာတာ ရွှေ့ပြောင်းကျောင်း ပညာရေးအခြေအနေတွေအပြင် ပညာရေး လုပ်ငန်း လုပ်ဆောင်နေတဲ့အခါမှာ ဘာအခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေရှိလဲဆိုတာ လာရောက်လေ့လာတာပါ။ ကျနော်တို့ဘက် ကလည်း ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြန်လည်တင်ပြဆွေးနွေးဖြစ်ခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ တွေ့ဆုံရာတွင် ရွှေ့ပြောင်းကျောင်းများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာသင်ကြားရေးတွင် ထိုင်းအစိုးရတက္က သိုလ်၊ ကောလိပ်များနှင့် ချိတ်ဆက်နိုင်ရန် ရွှေ့ပြောင်းကျောင်းပညာရေးကို ဆက်လက်ပံ့ပိုးကူညီသွားရန် ဆရာ၊ဆရာမများ၏ သင်ကြားရေးပိုင်းနှင့်ပတ်သက်၍ တရားဝင် အသိအမှတ်ပြုပေးရန် စသည့်အချက်များကို အဆိုပါ ထိုင်းပညာရေးဌာနအဖွဲ့အား တောင်းဆိုခဲ့သည်ဟု မန်းရွှေနှင်းက ဆက်ပြောသည်။
ထို့အပြင် ရွှေ့ပြောင်းကျောင်းများ၏ တွေ့ကြုံနေရသည့် ငွေကြေးအခက်အခဲများ၊ စာသင်ကြားပေးနေရသည့် ဆရာ၊ ဆရာမများ ၏ ဘဝရပ်တည်မှုအခက်အခဲများအပြင် ၎င်းတို့၏လုံခြုံရေးအခြေအနေများကို နှစ်နာရီကျော်ကြာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး နောက် ထိုင်းပညာရေးဌာနအဖွဲ့က လေ့လာရေးခရီးစဉ်အတွင်း ရရှိသည့် အချက်အလက်များကို သက်ဆိုင်ရာဌာနများသို့ တင်ပြ ပေးသွားမည်ဟု သိရသည်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းကျောင်းများ၌ ကျောင်းဆရာ၊ ဆရာမဦးရေ ၇၀ဝ ဝန်းကျင်ရှိပြီး ထိုင်းအစိုးရသစ်တက်လာပြီးနောက်ပိုင်း လုံခြုံရေးအတွက် အချို့မှာ စိုးရိမ်မှုများ ရှိနေသေးကြောင်း မြန်မာရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများအစည်းအရုံး(BMTA)မှ အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်းက ပြောသည်။
၎င်းက “အခု အစိုးရသစ်လက်ထက်မှာကျတော့ ပတ်စ်ပို့မရှိတဲ့ အလုပ်သမားလက်တွေဆိုရင် ဖမ်းဆီးမယ်ဆိုတော့ တချို့က ဒါ ကိုစိုးရိမ်လို့ ပတ်စ်ပို့လုပ်တဲ့သူ ရှိသလို တချို့ကျတော့ ဆရာ၊ ဆရာမ လစာနဲ့ဆို မတတ်နိုင်လို့ စာမသင်တော့တဲ့သူတွေလည်း ရှိ တယ်။ ဒါပေမယ့် ရွှေ့ပြောင်းကျောင်းဆရာ၊ ဆရာမဖြစ်တယ်လို့ ထောက်ခံတဲ့ လက်မှတ်ရှိရင် သတ်မှတ်ထားတဲ့ နယ်မြေအတွင်း မှာ သွားလာလို့ ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
CDC ကျောင်းကို ၁၉၉၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသား ဦးရေပေါင်း ၈၆၄ဦး၊ ကျောင်းဆရာ၊ ဆရာမနှင့် သက်ဆိုင်ရာ ကျောင်းဝန်ထမ်းပေါင်း ၆ဝဦးရှိရာ ထိုင်းအစိုးရမှ တရားဝင် စာသင်ကျောင်းအ ဖြစ် ရပ်တည်ခွင့်မပြုဘဲ သင်ကြားရေးဌာန (Learning Center)အဖြစ်သာ ခွင့်ပြုထားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းကျောင်းများမှာ ယမန်နှစ်က ၇၃ကျောင်းရှိသော်လည်း အလှူရှင်များ၏ ထောက်ပံ့မှု လျော့ကျသွားခြင်းကြောင့် လက်ရှိ ၂၀၁၄ခုနှစ်တွင် ကျောင်းပေါင်း ၆၅ကျောင်းသာ ရှိတော့ကြောင်း နယ်စပ်ပညာရေးအဖွဲ့များ ၏ မှတ်တမ်းများအရ သိရသည်။