Home သတင်း ဖားအံမြို့တွင် စင်တာတစ်ခု တည်‌ဆောက်ရန် UNDP ကြိုးပမ်း‌နေ

ဖားအံမြို့တွင် စင်တာတစ်ခု တည်‌ဆောက်ရန် UNDP ကြိုးပမ်း‌နေ

1929

ဇူလိုင် ၃၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် Township Community Dialogue and Learning Center(TCDLC) အမည်ရှိ‌သော မြို့နယ်လူမှု ‌တွေ့ဆုံ‌ရေးစင်တာတစ်ခု တည်‌ဆောက်ရန် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုး‌ရေး အစီအစဉ်(UNDP)မှ ကြိုးပမ်း‌ဆောင်ရွက်‌နေ‌ကြောင်း သိ ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ရက်‌နေ့က ကရင်ပြည်နယ် ဖားအံအ‌ခြေစိုက် UNDP ရုံးတွင် အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်း များ၊ သတင်းမီဒီယာများမှ စုစု‌ပေါင်းလူ ၂ဝဦး‌ကျော်ကို UNDP အဖွဲ့က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး ၎င်းစင်တာတည်‌ဆောက်‌ရေး ဖြစ် ‌မြောက်ရန် ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်ဟု Civil Society and Media Associate, Hpa-an UNDP Myanmar ‌ဒေါ်‌နော်‌နော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်ပြည်နယ်အ‌နေနဲ့ ဒီစင်တာကြီးရှိသင့်လားဆိုတာကို ရှိသင့်တယ်လို့ ကျမတို့ ‌ဆွေး‌နွေးတဲ့အခါ သ‌ဘောတူကြတယ်။ ဘယ် မှာထားမလဲဆို‌တော့ ဖားအံမှာပဲ ထားသင့်တယ်ဆိုတာတစ်ခု ဖြစ်သွားပြီး ဖားအံမှာပဲ ဖြစ်မယ်ဆိုရင် ဒီစင်တာကြီးမှာ ဘယ်လို ရည်ရွယ်ချက်ကြီး ‌လေးရပ်ကို လွှမ်းခြုံမိနိုင်ဖို့အတွက် ဘယ်လို‌တွေလုပ်နို်င်မလဲဆိုတဲ့ဟာကို လာမယ့်အစည်းအ‌ဝေးမှာ ဆက် ‌ဆွေး‌နွေးမယ်”ဟု ‌ဒေါ်‌နော်‌နော်က ‌ပြောသည်။

ပြည်နယ်အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့များ၊ သတင်းမီဒီယာများ စသည့် သက်ဆိုင်ရာအဖွဲ့များအကြား ထိ‌တွေ့ နိုင်ရန်၊ နားလည်မှု၊ ယုံကြည်မှုများ တည်‌ဆောက်သွားနိုင်ရန်နှင့် အများပြည်သူအကျိုးအတွက် ပူး‌ပေါင်းလုပ်‌ဆောင်နိုင်ရန် ရည် ရွယ်၍ အဆိုပါစင်တာ ဖြစ်‌မြောက်‌စေလိုသည်ဟု ‌ဒေါ်‌နော်‌နော်က ဆက်‌ပြောသည်။

ထို့အပြင် စင်တာဖြစ်တည်လာ‌ရေးနှင့် ပြီး‌နောက် လိုအပ်သည့် စွမ်းရည်မြှင့်တင်‌ရေးသင်တန်းများ၊ နည်းပညာများ၊ ‌ငွေ‌ကြေးများ ကို ‌ထောက်ပံ့ကူညီသွားမည်‌ကြောင်း UNDP က ‌ပြောဆိုသည်။

၎င်း‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်ခဲ့သူ လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦးက “ကျ‌နော်အမြင်က‌တော့ အထူးသဖြင့် ‌ဒေသခံ အဖွဲ့အစည်း‌တွေ တိုးတက်‌အောင် လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်။ အဲလိုရည်ရွယ်ချက်‌တွေ အစိုးရနဲ့ လူမှုအဖွဲ့အစည်း‌တွေ ကြားမှာ ပြန်ပြီး‌တော့မှ ‌တွေ့ဆုံ‌ရေးလုပ်ငန်း‌တွေ လုပ်နိုင်ဖို့ သူတို့ စီစဉ်တယ်‌ပေါ့။ ‌တွေ့ဆုံလာနိုင်‌အောင် စင်တာ‌လေးက လိုတယ် ‌လေ။ ဒါက‌တော့ သူတို့ လမ်း‌ကြောင်း အစထွင်တာပါ”ဟု ‌ပြောသည်။

ယခုကဲ့သို့ စင်တာမျိုးကို တည်‌ဆောက်ရန်အတွက် ကရင်ပြည်နယ် အပါအဝင် မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မန္တ‌လေးတိုင်းများတွင်လည်း ‌ဆွေး‌နွေးထားမှုများရှိ‌ကြောင်း ‌ဒေါ်‌နော်‌နော်က ‌ပြောသည်။

UNDP သည် ၁၉၅ဝ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွင်း လိုအပ်သည့် လူမှု‌ရေး၊ စီးပွား‌ရေး၊ ဖွံ့ဖြိုးတိုးတက်‌ရေးတို့အတွက် လာ‌ရောက်ကူညီ‌ထောက်ပံ့‌ပေးမှုများ ရှိခဲ့‌ကြောင်း သိရသည်။