Home သတင်း ကရင်အမျိုးသား‌နေ့ ‌ကြွေး‌ကြော်သံကို အမှတ်ရကြရန် ‌ကေအဲန်ယူ ဒုဥက္ကဌ တိုက်တွန်း

ကရင်အမျိုးသား‌နေ့ ‌ကြွေး‌ကြော်သံကို အမှတ်ရကြရန် ‌ကေအဲန်ယူ ဒုဥက္ကဌ တိုက်တွန်း

2054

‌ဖေ‌ဖော်ဝါရီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ နန်းထူးထူးစံ

ကရင်အမျိုးသားများအ‌နေဖြင့် ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁‌နေ့က ဆန္ဒထုတ်‌ဖော် ‌တောင်းဆိုခဲ့ကြသည့် ကရင်တမျိုးသားလုံး၏ လိုလားချက် ၄ချက်ကို အမှတ်ရကြရန် ယမန်‌နေ့က ကျ‌ရောက်‌သော ၆၆နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ) ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က တိုက်တွန်း‌ပြောကြားလိုက်သည်။

ယမန်‌နေ့က ကျ‌ရောက်သည့် ကရင်အမျိုးသား‌နေ့ကို (‌ကေအဲန်ယူ)ဗဟိုမှ ဦး‌ဆောင်ပြီး ‌ကေအဲန်ယူတပ်မဟာ(၃)၊ ‌ညောင်‌လေး ပင်ခရိုင်၊ ထိန်းချုပ်နယ်‌မြေတ‌နေရာ၌ ကျင်းပခဲ့ရာ ပဒို‌နော်စီဖိုးရာစိန်က တက်‌ရောက်လာသည့် ‌ဒေသခံကရင်လူထုအား ယခုလို ‌ပြောကြားခဲ့သည်။

“ဒီ‌နေ့ဟာ ပြည်တွင်းပြည်ပမှာရှိတဲ့ ကျမတို့ကရင်တမျိုးသားလုံးအတွက် အ‌ရေးကြီးတဲ့‌နေ့တ‌နေ့ဖြစ်တယ်။ ဒါ‌ကြောင့် ၁၉၄၈ခု နှစ်က ဒီလို‌နေ့မှာ ကျမတို့ကရင်အမျိုးသား‌တွေ ‌ကြွေး‌ကြော်ချက် ၄ချက်နဲ့ စီတန်းလှည့်လည်ပြီး ဆန္ဒထုတ်‌ဖော်ခဲ့ကြတာ‌တွေကို ပြန်သတိရကြဖို့လိုတယ်။ ကျမတို့ဟာ အခြားတိုင်းရင်းသား‌တွေနည်းတူ တန်းတူညီမျှခွင့်ကို လိုလားလို့ ၆၆နှစ်ကြာ တိုက်ပွဲဝင် လာခဲ့တာဖြစ်တယ်”ဟု ပဒို‌နော်စီဖိုးရာစိန်က အခမ်းအနားမိန့်ခွန်း ‌ပြောဆိုခဲ့သည်။

ထို‌နေ့အခမ်းအနားတွင် ၁၉၄၈ခုနှစ်က ကရင်လူထုများ ဆန္ဒထုတ်‌ဖော်ခဲ့သည့် ‌ကြွေး‌ကြော်သံများဖြစ်‌သော ကရင်ပြည်ချက်ချင်း ‌ပေး၊ ကရင်တစ်ကျပ် ဗမာတကျပ်ချက်ချင်းပြ၊ ပြည်တွင်းစစ်အလိုမရှိ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ စသည့်‌ကြွေး‌ကြော်သံပါ ဆိုင်းပုဒ်များကို တက်‌ရောက်လာသူ လူထုက ဆိုင်းဘုတ်များ ကိုင်‌ဆောင်၍ အခမ်းအနား တက်‌ရောက်လာခဲ့ကြသည်။

အခမ်းအနားတွင် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ၊ တပ်မဟာ(၃)မှူး ဗိုလ်မှူး ချုပ်‌စောအယ်ကလူသိန်း၊ ‌ညောင်‌လေးပင်ခရိုင်နှင့် မြို့နယ်‌ခေါင်း‌ဆောင်များ၊ ‌ကေအဲန်ယူ တပ်ဖက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များနှင့် ‌ရွှေကျင်၊ မုံးနှင့် ‌ကျောက်ကြီးမြို့နယ်များမှ စုစု‌ပေါင်းလူထု (၅၀၀)ခန့် တက်‌ရောက်ခဲ့ကြသည်။

“ကျ‌နော်တို့ကရင်အမျိုးသား‌တွေ တိုင်းပြည်ကို‌တောင်းဆိုလာတာ မြန်မာနိုင်ငံလွတ်လပ်‌ရေး ရရချင်း စတင်ကြိုးပမ်းခဲ့တာပါ။ တဆင့်ပြီးတဆင့် ‌တောင်းဆိုလာရာက‌နေ တိုက်ရတဲ့အဆင့် ဖြစ်လာတာ အခုထိပါပဲ။ အခု ကျ‌နော်တို့ကြားမှာ အမြင်ကွဲလွဲမှု ‌တွေရှိရင် ပြန်လည်စဉ်းစားပြီး အားလုံးကရင်အမျိုးသားအလံ‌တော်‌အောက်မှာ တစုတစည်းနဲ့သွားဖို့လိုတယ်”ဟု ဗိုလ်မှူးချုပ်‌စော အယ်ကလူသိန်းက အခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

အခမ်းအနားတက်‌ရောက်သူ ‌ရွှေကျင်မြို့နယ်၊ တာ‌စေးဒဲ‌ကျေးရွာသား ‌စောလဲလို‌သောက “‌ခေါင်း‌ဆောင်‌တွေရဲ့ ‌ပြောဆိုချက် ‌တွေကို ကြားချင်သိချင်တဲ့အတွက် ကျ‌နော်လာတာပါ။ လက်ရှိ အပစ်အခတ်ရပ်စဲ‌ရေးလုပ်ငန်း လုပ်‌ဆောင်‌နေစဉ်အတွင်း လူထု ထဲမှာ အမြင်မျိုးစုံရှိကြတယ်။ ကျ‌နော့်အ‌နေနဲ့ ‌ခေါင်း‌ဆောင်‌တွေရဲ့ကြိုးပမ်းအားထုတ်မှုဟာ ‌အောင်မြင်မှုရရှိမယ်လို့ ယုံကြည် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌နေ့ည‌နေပိုင်းတွင် ‌ကေအဲန်ယူအ‌နေဖြင့် လက်ရှိအစိုးရနှင့် လုပ်‌ဆောင်လျှက်ရှိသည့် အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးခြင်း လုပ်ငန်းစဉ်အ‌ခြေအ‌နေများနှင့် ပတ်သက်၍ လူထုရှင်းလင်းပွဲတရပ် ကျင်းပခဲ့‌သေးသည်။ ‌ကေအဲန်ယူထိပ်ပိုင်း ‌ခေါင်း‌ဆောင်များသည် ယခုကဲ့သို့ ‌ညောင်‌လေးပင်ခရိုင် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ပါဝင်ဆင်နွဲခြင်းမှာ ပထမဆုံးအ ကြိမ် ဖြစ်သည်။

၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့၌ ‌ကေအဲန်ယူက ဖဆပလ အစိုးရထံသို့ ကရင်ပြည်‌ပေးရန် စာ‌ရေး‌တောင်းဆိုခဲ့သလို မြန်မာ တစ်ပြည်လုံးရှိ ကရင်အမျိုးသား ‌လေးသိန်း‌ကျော်ကလည်း ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ‌ကြွေး‌ကြော်သံ ၄ချက်ပါ ဆိုင်းဘုတ်များ ကိုင်‌ဆောင်၍ မြို့‌ပေါ်တက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ခဲ့သည့်‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။