ပြောနေကြတာတော့ Good Government, Clean Governance ဆိုပဲ။ ဒါပေမယ့် ဒီခေတ်မှာမှ ပိုပြီးတော့ ဆိုးနေကြသလိုလို ပါပဲ။ အရင်ခေတ်ကဆိုရင်တောင် ဘယ်မှာမှတိုင်လို့ မရတော့ဘူးဆိုရင် ဘာပဲဖြစ်ဖြစ် နိုင်ငံတော်ထိ တက်တိုင်ပစ်လိုက်၊ ထိရောက်မှုတော့ ရှိသွားတာပါပဲ။ ခုတော့ ပြည်နယ်မှာ အစိုးရအဖွဲ့က သပ်သပ်ရှိနေတော့ သူတို့က မသိသလိုနေရင် ဘာမှလုပ် လို့ မရတော့ပါဘူး။
ပြောချင်တာက မြဝတီမြို့မှာ ခေတ်စားနေတဲ့ အာဝါဒေးပွဲများ ကိစ္စပါ။ အဲဒီထဲက အမှတ်(၅)ရပ်ကွက် ကိုးနဝင်းဘုန်းကြီးကျောင်း ထဲမှာ လုပ်နေတဲ့ အာဝါဒေးပွဲ(ဗလာပွဲကို အကြောင်းပြထားတဲ၌ လောင်းကစားဝိုင်းတွေပေါ့ဗျာ)ဆိုရင် တစ်လကျော်ရှိပါပြီ။ တစ်ညမှ မပြတ်ပါဘူး။ ရပ်ကွက်ထဲက လူတွေလည်း တော်တော့်ကို စိတ်တွေညစ်၊ ဒေါသတွေထွက်၊ ဘယ်သူ့ကို တင်ပြလို့ တင်ပြရမှန်းလည်း မသိပါဘူး။ ညညဆို အိပ်လို့ မရလောက်အောင် ဆူညံကျယ်လောင်လွန်းလှတဲ့ အသံတွေကြောင့် ဘာကို ဒေါသထွက်လို့ ထွက်ရမှန်းမသိ။ အဆိုးဆုံးကတော့ ကျောင်းသားတွေ ဘယ်လိုမှ စာကျက်လို့မရတာပဲ၊ သိကြတဲ့အတိုင်း ခုဆို စာမေးပွဲကြီးကလည်း နီးလာပြီ။ ၁ဝတန်းတွေ အပါအဝင်ပေါ့။ ဒီအချိန်ဟာ ကျောင်းသူကျောင်းသားတွေ မီးကုန်ယမ်းကုန် စာကျက်ကြရတဲ့အချိန်။ ဖင်ယားတောင် ကုတ်မအားပဲ စာပြီးရင်းစာ လုပ်နေကြရတဲ့အချိန်။
ဟော။ ခုဆို ညနေ ၆ နာရီမခွဲလိုက်နဲ့။ ကိုးနဝင်းကျောင်းထဲက အသံကုန်ဖွင့်လိုက်တဲ့ ဆူညံသံတွေလာပါပြီ။ အရင်တုန်းကဆိုရင် မြဝတီမြို့က ခရိုင်အုပ်ချုပ်ရေးမှူးတွေဆို ကျောင်းသားတွေ ဂုဏ်ထူး ဘယ်နှစ်ခုပါရင် ဆုငွေဘယ်လောက်ချမယ်။ ဂုဏ်ထူးရ အောင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကို ဆုငွေဘယ်လောက်ချမယ်ဆိုပြီး ပညာရေးကို အားပေးလိုက်ကြပုံများ။ ကိုယ်တိုင် စစ်ဆေး။ လိုအပ်တာတွေ ပံ့ပိုးပေးလိုုက်ကြပုံများ။ ကျောင်းဆောင်ကြီးတွေ ဟည်းနေအောင် ဆောက်ပေးလိုက်ကြပုံ များ။ တကယ်ပြန်သတိရမိသေးတယ်ဗျာ။
ခုခရိုင်အုပ်ချုပ်ရေးမှူးကျတော့ ပညာရေးကို အားမပေးတဲ့အပြင် စာမေးပွဲနဲ့ အရမ်းနီးနေတဲ့ ခုလိုအချိန်မျိုးမှာတောင် ကလေး တွေရဲ့ပညာရေးကိုအကြီးအကျယ် နှောက်ယှက်နေတဲ့ ပွဲမိန့်တွေကို ချပေးနေတာ။ မတားမြစ်ပေးတာ တော်တော့်ကို အံ့ဩ စရာ။ ဒေါသထွက်စရာပါပဲ။ မြဝတီမြို့ဆိုတာ ခရိုင်၊ မြို့နယ်အပြည့်အစုံ အခြေစိုက်တဲ့နေရာပါ။ အာဏာပိုင်တွေ တစ်ယောက်မှ ဒါတွေကို အရေးမယူပေးတာ အံ့ပါရဲ့ဗျာ။
နောက်တစ်ခုက ကိုးနဝင်းဘုန်းကြီးကျောင်း။ အဲဒီကျောင်းရဲ့ ကျောင်းထိုင်ဟာ အရင်တုန်းက မြို့နယ်သံဃနာယကအဖွဲ့ရဲ့ ဥက္ကဌဟောင်းပါ။ ပြီးတော့ စာသင်တိုက်ကြီးကလည်း ဟည်းလို့။ ခုတော့ ဒီအာဝါဒေးပွဲကို တစ်လကျော်ကြာတဲ့ ယနေ့အထိ စည်းမဲ့ကမ်းမဲ့ ကျောင်းဝင်းထဲဖွင့်ခွင့်ပြုထားတာ ညကြေး ဘယ်လောက်တောင်ရထားသလဲ မသိဘူးလို့ တွေးချင်မိပါတယ်။ စာသင်၊ စာချသံဃာအချို့လည်း ဒီဆူညံသံတွေကို စိတ်ပျက်လွန်းလို့ ကျောင်းတိုက်ကို စွန့်ခွာသွားကြတာ တော်တော် များနေ ပါပြီ။
(မခံနိုင်သူ မြို့ခံ)