Home သတင်း စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် ဝေါလေ အထက တွင် ကျောင်းသား ၁၀ ရာခိုင်နှုန်းသာ စာသင်နိုင်ပြီး အများစု စစ်ဘေးရှောင်နေရ

စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် ဝေါလေ အထက တွင် ကျောင်းသား ၁၀ ရာခိုင်နှုန်းသာ စာသင်နိုင်ပြီး အများစု စစ်ဘေးရှောင်နေရ

10
Photo: Moi (ပုံဟောင်း)

ဇူလိုင် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေအခြေစိုက် စစ်တပ်ဗျူဟာကုန်းတိုက်ပွဲအတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောင်းသူ၊ ကျောင်းသား (၅၀၀) ကျော်ရှိ ဝေါလေအထက်တန်းကျောင်းတွင် (၄၀) ဝန်းကျင်သာ လက်ရှိကျောင်းပြန်တက်နိုင်ပြီး ကျန်သူများစစ်ဘေးရှောင်နေရကြောင်း ၎င်းတို့အုပ်ထိန်းသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်စဉ် မြဝတီမြို့နယ် ပညာရေးဌာနမှ ဆရာ၊ ဆရာမ အချို့ကို ဝေါလေ အထက စာသင်ကျောင်းသို့ ပို့ဆောင်ထားခဲ့သည်။ သို့သော် ဝေါလေ စစ်ဗျူဟာကုန်း တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းမှလည်း နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသောကြောင့် ယခု ဇူလိုင်လအထိ ကျောင်းတက်သူ နည်းပါးနေသည်ဟု ကျောင်းသားမိဘများက ပြောသည်။

“စာသင်ဖို့က ကျောင်းသားက ၄၀ လောက်ပဲ တက်တာရှိတော့ သင်ရမလို၊ မသင်ရမလို၊ ပြန်ပဲ ပြေးရှောင်ရမလို ဖြစ်နေတယ်။ မြဝတီစစ်တပ်ကတော့ လေယာဉ် မကြဲစေရဘူး ကျောင်းဖွင့်ဆိုပြီး ပြောပေမဲ့ လေယာဉ်လာကြဲတာနဲ့ ကင်းထောက်တာနဲ့ အမြဲ ပတ်ပျံနေတာဆိုတော့ ကျမတို့ ကလေးတွေကိုလည်း ကျောင်းမလွှတ်ရဲဘူး” ဟု စစ်ဘေးရှောင်နေရသူ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ဝေါလေ အထက ကျောင်းသည် စစ်ဗျူဟာကုန်း တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၂ မိုင်ဝန်းကျင်သာ ကွာဝေးပြီး ဝေါလေရပ်ကွက်၊ အစွန်ပိုင်းတွင် တည်ရှိသည်။ ထို့ကြောင့် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးနှင့် ဒရုန်း ကျရောက်ပေါက်ကွဲမှုများဖြစ်ပေါ်ပါက ပေါက်ကွဲအရှိန်ကြောင့် အသက်ဘေးလုံခြုံရေး ထိခိုက်နိုင်သည့် အန္တရာယ်ရှိကြောင်း ဝေါလေဒေသခံများက ဆိုသည်။

Photo: Moi (ပုံဟောင်း)

ယခင်က ဝေါလေမြို့သစ် အထက ကျောင်းတွင် ကျောင်းသူ/ကျောင်းသား ဦးရေ ၅၀၀ ကျော် ပညာသင်ကြားခဲ့ပြီး စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း လက်နက်ငယ်ကျည်နှင့် လက်နက်ကြီး ထိမှန်မှုအချို့ ရှိခဲ့ဖူးကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

လတ်တလောတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များက နယ်စပ်တွင်ခြေကုတ်ယူထားသည့် စစ်အုပ်စု၏ ဝေါလေဗျူဟာကုန်းစခန်းအား သိမ်းပိုက်ရရှိရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လမှ စတင်ကာ ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းရှိသည်။

ယခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ တိုက်ပွဲကာလ ၁ နှစ်ခွဲနီးပါး ကြာမြင့်လာသည့်နောက် စစ်အုပ်စုက လေကြောင်းပစ်ကူအပါအဝင် မြေပြင်စစ်ကြောင်းဖြင့် ထိုးဖောက်အင်အားဖြည့်ရန်ပါ ကြိုးပမ်းနေပြီး စစ်ပွဲပဋိပက္ခကြောင့် ဒေသခံများမှာ ထိုင်းနိုင်ငံဘက်အထိ ထွက်ပြေးစစ်ရှောင်နေရကြောင်း သိရသည်။