ဇူလိုင်လ ၂၈ရက်။ ကေအိုင်စီ
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ဆက်သွယ်မည့် ထားဝယ်-ကန်ချနပူရီ အဝေးပြေးလမ်း ဖောက်လုပ်နေ သည့် ဆောက်လုပ် ရေးလုပ်ငန်းကို ထိုဒေသတွင် လှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး KNU မှ တားမြစ်ထားသည်ဟု သိရသည်။
၎င်းစီမံကိန်း၏ ဆောက်လုပ်ရေးအလုပ်သမားများကို KNU မှ ဇူလိုင်လ အစောပိုင်းက တားဆီးထားခြင်းဖြစ်ပြီး Italian-Thai Development Company မှ ၎င်းတို့၏လုပ်ငန်း ပြန်လည် စတင်ရန်အတွက် ဇူလိုင်လ ၁၆ ရက်နေ့တွင် KNU နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ဒီစီမံကိန်းလုပ်ငန်း စလုပ်လာပြီးတော့လေ ကျမတို့အနေနဲ့ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ အိုးအိမ်ပြောင်းရွှေ့မှု၊ ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ နောက်တခုက လုံခြုံရေးအတွက် အဲဒီအချက် ၃ချက် မဖြစ်ပေါ်လာဖို့ တားဆီးသွားရမယ်။”ဟု ပြောသည်။
သို့သော် ထိုင်းဆောက်လုပ်ရေးတာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အကြောင်း အသေးစိတ်ကို KNU အနေနှင့် ရှင်းပြခဲ့ခြင်း မရှိ ပေ။
အဆိုပါကားလမ်းတလျှောက်တွင် ကရင်ကျေးရွာ စုစုပေါင်း ၂၁ရွာရှိသည့်အနက် ၈ရွာမှာ ကေအဲန်ယူနှင့် အစိုးရတပ်တို့ တိုက်ခိုက် ကြသည့် ၁၉၉၇နောက်ပိုင်း ဒုက္ခသည်များအဖြစ် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ် သက်ပြီး အချက်အလက်စုဆောင်းနေသည့် Burma Issue (BI) အဖွဲ့က ပြောသည်။
ကျန်ရှိနေသည့် ကရင်ကျေးရွာ ၁၃ရွာမှ ကရင်ဒေသခံလူထုမှာ ခြံစိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်း ကြောင်းပြုလျှက်ရှိပြီး လက်ရှိအချိန်တွင် ပြောင်းရွှေ့နေထိုင်မှုများ မရှိသေးကြောင်းလည်း BI က ပြောဆိုသည်။
ထားဝယ်-ကန်ချနပူရီသို့ ဆက်သွယ်သည့် ၆လမ်းသွား အဝေးပြေးလမ်းမကြီးတစ်လျှောက်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) လှုပ်ရှားနေသည့်နယ်မြေ ဖြစ်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာရှိ နဘုလဲကျေးရွာ အပါအဝင် ရွာပေါင်း ၇ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး သို့သော် လက်ရှိ မှာ ကုမ္ပဏီမှ စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း တစုံတရာ လုပ်ဆောင်ခြင်းမျိုး မရှိသေးကြောင်း ပြောသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် Italian-Thai Development က ထိုင်းဘတ်ငွေသန်း (ဘီလီယံ) ၄၀၀ကျော် ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။
အဆိုပါစီမံကိန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သဘေင်္ာတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အတွက် အဆောက်အအုံများနှင့် စက်မှုဇုံနယ်မြေများ တည်ဆောက်ခြင်း၊ ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ခြင်း၊ သံမဏိစက်ရုံ၊ လျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက်ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်ခြင်း၊ ကားလမ်းနှင့် ရထားလမ်းတစ်လျှောက် ရေနံပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပါဝင်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း၌ တည်ရှိပြီး ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက် (LAD)-၁၅မီတာရှိ ဒီရေအမြင့် ကွာခြားချက် ၅မီတာရှိ GMSနှင့် BIMSTIC နိုင်ငံများ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အချိန်နှင့်ကုန်ကျစရိတ် လျော့ချနိုင်မည် ဆိပ်ကမ်းတွင် DWT ၅၀၀၀ဝရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် ရေနက် ဆိပ်ကမ်းဝန်ဆောင်မှုအပြင် နယ်စပ်ဖြတ်ကျော် အဝေးပြေးလမ်းမများနှင့် စက်မှုကုန်ထုတ်နယ်မြေများ ပါဝင်သည်။


















