ဇွန်လ ၂၄ရက်။ နော်အောင်လေး (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျှက်ရှိသည့် မြန်မာဒုက္ခသည်များအတွက် ပုံမှန် ပေးဝေနေ သော ရိက္ခာများထဲမှ အချို့ကို လာမည့် စက်တင်ဘာလမှစ၍ ဖြတ်တောက်သွားမည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
စခန်းများအတွင်းရှိ ဒုက္ခသည်များကို ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွှန့်ပေါင်းအသင်း(TBBC)မှ လစဉ် ထောက်ပံ့နေသော အခြေခံ စားနပ်ရိက္ခာများအနက် ဂျုံမှုန့်၊ သကြားနှင့် ပဲတို့ကို ဖြတ်တောက်မည်ဖြစ်ကြောင်း မဲဆောက် TBBC ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သူမက “ကျမတို့မှာ budget အခက်အခဲတွေ ရှိလာလို့ပါ။ ဒီလို ရိက္ခာလျှော့ရတဲ့အကြောင်းကို ထုတ်ပြန်ကြေညာဖို့ ရှိပါတယ်။ အသေးစိတ်ကိုတော့ ကျမတို့ တရားဝင် ကြေညာတဲ့အချိန်ရောက်မှ ပိုသိမှာပါ။ ဂျုံမှုန့်၊ သကြားနဲ့ ပဲကို ဖြတ်တောက်မယ်လို့ လျာထားပေမဲ့ ပဲကိုတော့ အရင်စပြီး ဖြတ်လိုက်ဖို့တော့ ရှိတယ်။”ဟု ဆိုသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ယခုနှစ်တွင် ကမ္ဘာ့ငွေလဲနှုန်း ကျဆင်းလာခြင်းနှင့် ကုန်ဈေးနှုန်း မြှင့်တက်လာခြင်းကြောင့် (TBBC) အနေ ဖြင့် ဘတ်ဂျက်(budget) ငွေအခက်အခဲများရှိလာကာ ရိက္ခာအချို့ ဖြတ်တောက်ရန် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဒုက္ခသည်များအား ဝေပေးလျှက်ရှိသည့် ပဲအမျိုးအစားမှာ ယခင်က တစ်ကီလိုလျှင် ၃၅ဘတ်သာ ဈေးနှုန်းရှိသော်လည်း ယခု အချိန်တွင် ဘတ် ၇ဝန့် ဈေးတက်လာသည်ဟု သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကရင်ဒုက္ခသည်ကော်မတီ(ကေအာရ်စီ)နှင့် ဒုက္ခသည်စခန်းတာဝန်ရှိသူများက ၎င်းတို့အနေဖြင့် ဒုက္ခ သည်ရိက္ခာ ပဲတစ်မျိုးတည်းကိုသာ စတင်ဖြတ်တောက်သွားမည်ဟု TBBC က အသိပေးပြောကြားသေးကြောင်း အတည်ပြု ပြောဆိုခဲ့ကြသည်။
“ငွေလဲနှုန်းက အရင်ကနဲ့ တော်တော်ကွာလာလို့ ဒီလိုလုပ်ရတာ ဖြစ်တယ်လို့ TBBC က ပြောပါတယ်။ ထိုင်းငွေလဲနှုန်း ပြန် တက်လာရင်တော့ ဒီလို ရိက္ခာ ဖြတ်ချင်မှလည်း ဖြတ်မှာပါ။ ကျနော်တို့ကို သတင်းပေးထားချက်အရတော့ ပဲတစ်မျိုးကိုပဲ ဖြတ် မယ်လို့ သိထားတယ်”ဟု ကရင်ဒုက္ခသည်ကော်မတီ(KRC)မှ အတွင်းရေးမှူး စောဂျော့က ပြောဆိုသည်။
လက်ရှိအချိန်တွင် ဒုက္ခသည်စခန်းများ၌ ရပ်ကွက်တိုင်း အိမ်ထောင်စုစာရင်းအလိုက် ရိက္ခာထုတ်ယူသည့် စာအုပ်များနှင့် လူဦး ရေစာရင်းများကို TBBC က တိကျမှန်ကန်စွာ လာရောက်စစ်ဆေးလျှက်ရှိပြီး စစ်ဆေးချိန်တွင် မရှိသူများကို ရိက္ခာဖြတ်တောက် လိုက်သည်ဟု သိရသည်။
မယ်လစခန်း အတွင်းရေးမှူး(၁) စောစိုးယုက “ယခုအချိန်မှာ TBBC ကနေပြီးတော့ လူဦးရေ ပြန်စိစစ်တာတွေတော့ ရှိပါတယ်။ စက်တင်ဘာလလောက်ကစပြီး ပဲကို မပေးတော့ဘူး။ ဖြတ်လိုက်တော့မယ်လို့ ပြောပါတယ်။ အလုပ်အကိုင်မရှိတဲ့ ဒုက္ခသည် တွေအတွက်ကတော့ အခက်အခဲဖြစ်တာပေါ့”ဟု ပြောသည်။
ထိုသို့ ရိက္ခာအတွက် လူစစ်ခြင်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(ယူအဲန်အိတ်ချ်စီအာရ်)၏ မှတ်ပုံတင် ထားသူများအပြင် လူသစ်အချို့လည်း ပါဝင်ကြောင်း၊ အဓိကအားဖြင့် ရိက္ခာရရှိနေဆဲ စာရင်းရှိသူများသာဖြစ်ကြောင်း မယ်လ စခန်း ဥက္ကဌ စောသာကဲက ရှင်းလင်းပြောဆိုသည်။
အုန်းဖျန်စခန်းမှ ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဌ နော်ဟဲနေဖေါစေးက “TBBC က ကျမတို့စခန်းမှာ အရင်ပေးနေ ကျ ရိက္ခာတွေထဲက ပဲ၊ သကြားနဲ့ ဂျုံမှုန့်တွေကို ဖြုတ်လိုက်တော့မယ်လို့ ပြောတယ်။ အပိုဝင်ငွေ မရှိတဲ့ တချို့မိသားစုတွေက ပဲနဲ့ ငါးပိကိုပဲ ကလေးတွေကို ကျွေးနေကြတော့ တော်တော်လေးကို ဒုက္ခရောက်မှာပဲ။”ဟု ပြောသည်။
“ပဲတစ်မျိုးတည်း ဖြတ်မယ်ဆိုပေမဲ့လည်း ကျမတို့က ဝင်ငွေလည်း ပြတ်တဲ့အချိန်မှာ ပဲနဲ့ဘဲ စားနေရတယ်လေ။ ကြီးကြီးမားမား ထိခိုက်တာမရှိပေမဲ့ နည်းနည်းတော့ ကသိကအောက် ဖြစ်တာပေါ့။”ဟု မယ်လဒုက္ခသည် အိမ်ရှင်မတစ်ဦးက ဆိုသည်။
အုန်းဖျန်စခန်းတွင် ဒုက္ခသည်များ၏ အခြေအနေများကို ပြန်လည်သုံးသပ်နိုင်ရန် စခန်းတာဝန်ရှိသူများနှင့် (TBBC)မှ တာဝန်ရှိ သူများက ယခုလ နောက်ဆုံးအပတ်တွင် စခန်းရှိ ဒုက္ခသည်များ၊ ဘော်ဒါဆောင်နေ ကျောင်းသူကျောင်းသားများကို တွေ့ဆုံ မေးမြန်းမှုများ လုပ်ဆောင်မည်ဟုလည်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ကရင်ဒုက္ခသည်စခန်း ၇ခု၊ ကရင်နီဒုက္ခသည်စခန်း ၂ခု၊ ရှမ်းဒုက္ခသည်စခန်း ၁ခုနှင့် မွန် ဒုက္ခသည်စခန်း ၁ခုရှိပြီး အဆိုပါစခန်းများအတွင်းမှ ဒုက္ခသည်ဦးရေ စုစုပေါင်း ၄သိန်းခန့်ရှိသည်ဟု သိရသည်။
TBBC သည် စခန်းအတွင်းရှိ ဒုက္ခသည်များအား လစဉ် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ သကြား၊ ဂျုံမှုန့်၊ ငါးပိနှင့် ငရုပ်သီး စသည့်ရိက္ခာ များသာ ထောက်ပံ့နေခြင်းမဟုတ်ဘဲ အိမ်သုံးပစ္စည်းများဖြစ်သည့် ဖျာ၊ စောင်၊ ခြင်ထောင်၊ အိုးခွက်ပန်းကန်များနှင့် နေအိမ် ဆောက်လုပ်ရန် ဖက်၊ ဝါးများကိုလည်း ထောက်ပံ့ပေးဝေလျှက်ရှိသည့် အဲန်ဂျီအိုအဖွဲ့အစည်းတစ်ခု ဖြစ်သည်။