ဇန်နဝါရီလ ၁၄ရက်။ မနိုက်အွာ (ကေအိုင်စီ)
“အခု စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု ရှိမှာမဟုတ်ဘူး”ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အထက် တန်းပြ ပင်စင်စား ကျောင်းဆရာမတဦးက ပြောသည်။
တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးမည်ဟု စစ်အစိုးရ၏ နှုတ်ဖျားမှ ပြောဆိုလာသော်လည်း ၂၀၀၈ခုနှစ်က ၎င်းတို့ ရေးဆွဲ ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုလိုက်သည့်အတိုင်း လာမည့်ရွေးကောက်ပွဲကိုလည်း အလားတူ လုပ်ဆောင်လာမှာ သေချာသည်ဟု သူမက ဆိုသည်။
နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “၂၀၁ဝခုနှစ်မှာ ပြည်သူတွေ အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ စနစ်တကျကျင်းပရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားတရပ်လုံးက မှန်ကန်စွာ ဆုံးဖြတ်ဆောင် ရွက်ရမည်ဖြစ်သည်”ဟု ယခုနှစ် ဇန်နဝါရီလ ၄ရက်နေ့က ကျရောက်လာသည့် ၆၂ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့တွင် ပြောဆိုသွားသည်။
ရွေးကောက်ပွဲအတွက် နအဖ စစ်အစိုးရက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံကို ၎င်းတို့ ပုံဖော်ချင်သည့်အတိုင်း ဖြစ်လာအောင် ကြိုတင်ပြင်ဆင်မှုများ တဆင့်ပြီးတဆင့် လုပ်ဆောင်လျက်ရှိရာ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို မကြေညာသေးသော်လည်း ယခုအချိန် နီးလာပြီဟု ဆိုရပေမည်။ သို့သော်လည်း လာမည့် အောက်တိုဘာလ ၁ဝရက် နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖ အာဏာပိုင်မှ ယခုလ ၆ရက်နေ့က ကြေညာလိုက်ကြောင်း ဂျပန်နိုင်ငံမှ နာမည်ကြီး သတင်းစာတခုဖြစ်သော အာဆာဟိ(Asahi) သတင်းစာတွင် ရေးသားထားသည်။
ရွေးကောက်ပွဲ ကျင်းပမည့်အချိန် နီးလာသော်လည်း မြန်မာပြည်အတွင်း နေထိုင်ကြသည့် အလွှာ၊ အတန်းအစား အမျိုးမျိုးမှ ပြည် သူလူထုများက အခြားနိုင်ငံများမှ နိုင်ငံသားများကဲ့သို့ နိုးကြားမှုမရှိဘဲ အများစုမှာ ၎င်းတို့၏ အလုပ်အကိုင်၊ စီးပွားရေးလုုပ်ငန်းများ ကိုသာ စိတ်ဝင်စားနေကြသည်ကို တွေ့ရသည်။ တချို့သောပြည်သူများက စစ်အစိုးရ၏ သဘောထား၊ လုပ်ရပ်များကို သိရှိနားလည် ထားခြင်းကြောင့်ရယ်၊ တချို့သော လက်လုပ်လုပ်စား သာမန်လူတန်းစားပြည်သူများမှာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သည့် ဗဟုသုတမှ သိရှိနားလည်ထားခြင်း မရှိသည့်အတွက်ကြောင့် စိတ်မဝင်စားခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်က ဗြိတိသျှအစိုးရလက်အောက်မှနေ၍ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်ကို ဒီမိုကရေစီစနစ် ဖြင့် ဖွဲ့စည်းထူထောင်ရန် ရွေးကောက်ပွဲများ ကျင်းပခဲ့ဖူးသော်လည်း နောက်ဆုံးတွင် စစ်တပ်မှ အာဏာသိမ်းခဲ့သည်။ ၁၉၉ဝ ခုနှစ် တွင်တကြိမ် ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေးဆိုပြီး ရွေးကောက်ပွဲကျင်းပခဲ့သော်လည်း အနိုင်ရသော အဲန်အယ်လ်ဒီပါတီကို အာဏာ လွဲမပေးသည့်အပြင် အဲန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းချုပ်ထားခဲ့သည်မှာ လက်ရှိအချိန်ထိဖြစ်သဖြင့် ယခုပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်မည်ဟု ပြည်သူများက ယူဆနေကြသည်။
“ကျမတို့ လူထုတွေ လက်ရှိစစ်အစိုးရကို အယုံအကြည်မရှိတာ မဆန်းပါဘူး။ သူတို့လုပ်ရပ်တွေကို မြို့နေလူထုတွေက ပိုသိတယ်။ သိတော့ အခုလုပ်မယ့် ရွေးကောက်ပွဲကို စိတ်မဝင်စားကြတာပါ၊ ကိုယ့်စိတ်ဆန္ဒအမှန်တွေ ဖော်ပြလည်း ဘာမှ ထူးလာမှာ မဟုတ် ဘူး။ ၂၀၀၈ခုနှစ်က ပြည်သူဆန္ဒခံယူပွဲအတိုင်းပဲ ဖြစ်လာမှာပါ။ ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး”ဟု အဆိုပါ ရန်ကုန်မြို့မှ အထက် တန်းပြဆရာမက စစ်အစိုးရအပေါ်ထားသည့် သူမ၏ ယုံကြည်ချက်ကို ပြောဆိုသွားသည်။
လက်ရှိနိုင်ငံကို အုပ်ချုပ်နေသည့် နအဖ အာဏာပိုင်တို့က ၎င်းတို့ရေးဆွဲထားသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို အတည်ပြုရေးအတွက် ၂၀၀၈ခုနှစ် မေလအတွင်း နာဂစ်မုန်တိုင်းကျရောက်၍ သိန်းနှင့်ချီသည့် ပြည်သူများ သေဆုံး၊ သောကဒုက္ခ များ ရောက်နေသည့်တိုင် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို မဖြစ်မနေ ကျင်းပခဲ့ပြီး ထောက်ခံမဲ ၉၂.၉၅ရာခိုင်နှုန်း ရရှိသည်ဟုဆို ကာ ဖွဲ့စည်းပုံကို အတည်ပြုခဲ့သည်။
ယင်းသို့ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမူအတိုင်း ယခုပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း ၎င်းတို့စစ်တပ်မှ အနိုင်ရရေး အတွက် ကူညီပံ့ပိုးရန် အစိုးရဌာနဆိုင်ရာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများကို ကောက်ယူ စုဆောင်းကာ ဇန်နဝါရီလကုန်ပိုင်းတွင် လစာများကို ကျပ်ငွေ နှစ်သောင်း အပိုထပ်ဆောင်းပေးခြင်းဖြင့် မဲဆွယ်မှုကို စတင်နေပြီ ဖြစ် သည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းယူခဲ့သော ၁၉၆၂ခုနှစ်မှစ၍ တိုင်းပြည်အတွင်း အရေးကြီး လိုအပ်သော စီး ပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်နိုင်သည့်အပြင် နိမ့်ကျသထက် နိမ့်ကျလာသ ဖြင့် ဆင်းရဲမွဲတေမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူများအဖို့က နိုင်ငံရေးထက် မိသားစုဝမ်းစာဖူလုံရေးကို ပိုပြီးအာရုံစိုက် နေကြသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသော ပြည်သူများက ရွေးကောက်ပွဲဆိုသည့် စကားလုံးကိုတောင် အဓိပ္ပါယ် မဖော်ဆောင်နိုင်ပေ။
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နေထိုင်ပြီး နေ့စားအလုပ်ဖြင့် မိသားစုကို အလုပ်အကျွေးပြုနေသော မကျင်သိန်း(နာမည်ရင်းမဟုတ်) က “ရွေးကောက်ပွဲဆိုတာ ဘာလဲ။ ဘာကြောင့် ရွေးကောက်ပွဲ လုပ်ရတာလဲဆိုတာ ကျမ နားမလည်ဘူး။ ကျမသိတာက ဒီနေ့အ လုပ်လုပ်မှ မနက်ဖြန်စားဖို့ အဆင်ပြေမယ်”ဟု ဆိုသည်။
“၂၀၀၈ခုနှစ်တုန်းကလည်း သူများတွေက မဲသွားထည့်ဆိုလို့ မဲသွားထည့်တယ်။ ဘာမှမသိဘူး။ သူများတွေက အမှားခြစ်တော့ ကိုယ်လည်း အမှားခြစ်လိုက်တာပဲ”ဟု ၂၀၀၈ခုနှစ် လူထုဆန္ဒခံယူပွဲကျင်းပစဉ်က မဲထည့်ခဲ့သည့် သူမ၏ အတွေ့အကြုံကို ပြန် ပြောင်းပြောဆိုကာ လာမည့် ရွေးကောက်ပွဲကိုလည်း လူများထည့်သည့်အတိုင်း လိုက်ထည့်မည်ဟု ဆိုသည်။
နိုင်ငံတနိုင်ငံတွင် စီမံအုပ်ချုပ်မှုကောင်းမှ တိုးတက်ဖွံ့ဖြိုးမည်ဖြစ်သလို၊ စီမံအုပ်ချုပ်မှုကောင်းအောင်လည်း အရည်အချင်းပြည့်ဝ သည့် လူပုဂ္ဂိုလ်များကို နိုင်ငံအုပ်ချုပ်သူ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြောက်ဖို့ လိုသည်။ ထိုကဲ့သို့သော ခေါင်းဆောင်မျိုး ရရှိရန် ပြည်သူများအတွက် လွတ်လပ်မှု၊ တရားမျှတမှု ရှိဖို့ လိုအပ်သည်။ စစ်တပ်မှ အရာရာကို ချုပ်ကိုင်ထားသော မြန်မာနိုင်ငံတွင် ပြည်သူများအဖို့ မိမိတို့ ဆန္ဒအမှန်ကို ဖော်ပြချင်သော်လည်း လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်မရသည့်အတွက် နောက်တက်လာ မည့် အစိုးရလည်း စစ်မှန်သည့် အစိုးရတရပ် ဖြစ်မလာနိုင်ဘူးဟု ဖားအံမြို့ရှိ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ဆိုသည်။
သူမက “အဒေါ်တို့က စစ်တပ်အသိုင်းအဝိုင်းကဆိုတော့ အထက်ကလူကြီးတွေရဲ့ သဘောအတိုင်း လုပ်ရတယ်။ ၂၀၀၈ခုနှစ်က ဆန္ဒမဲပေးတဲ့အတိုင်းပေါ့။ အဒေါ်တို့ မဲရုံကိုသွားရောက်တော့ အထက်လူကြီးတွေက အမှန်ခြစ်ပြီးသား မဲလက်မှတ်တွေကို အဒေါ်တို့ က ပြန်ထည့်ရတယ်။ ဘာထူးလို့လဲ အဒေါ်တို့ရဲ့ ဆုံးဖြတ်ခွင့်၊ ကိုယ်ပိုင်ရွေးချယ်ခွင့် မပေးမှတော့ အဲဒီဖွဲ့စည်းပုံကနေ ဆင်းသက်လာ တဲ့ ရွေးကောက်ပွဲကြီးဟာ ဘယ်လိုစစ်မှန်တော့မှာလဲ”ဟု ပြောပြီး “တကယ်လို့ အဒေါ်တို့မှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် သာ ရှိမယ်ဆိုရင် လက်ရှိအစိုးရကို မရွေးဘူး။ အေးအေးဆေးဆေးပဲ နေချင်တယ်”ဟု ဆိုပြန်သည်။
နအဖ စစ်အစိုးရက တိုင်းပြည်အာဏာကို အရပ်သားအစိုးရလက်ထဲအပ်မည်ဆိုသည့် ရွေးကောက်ပွဲကို ယခု ၂၀၁ဝခုနှစ်မှာ ကျင်းပ မည်ဟု အတိအလင်း ပြောဆိုကြော်ငြာထားပြီးသော်လည်း ယခုအချိန်ထိ ရွေးကောက်ပွဲဝင်မည့် ပါတီများစာရင်းနှင့် ရွေးကောက်ပွဲ ကျင်းပမည့် စည်းမျဉ်းစည်းကမ်း ဥပဒေများကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် လူထုမှာ မည်သည့်မဲစနစ်ဖြင့် မဲ ထည့်ရမည်၊ မည်သည့်ပါတီ သို့မဟုတ် ပုဂ္ဂိုလ်ကို မဲပေးရမည် ဆိုသည်ကို ကြိုတင်မဝေခွဲနိုင်ကြပေ။
စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ တောင်းဆိုထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အား လုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းပေါ်မှ ရရှိလာသည့် သဘောတူညီချက်အတိုင်း လုပ်ဆောင်မှသာလျှင် လွတ် လပ်မျှတသော ရွေးကောက်ပွဲမှတဆင့် စစ်မှန်သော ပြည်ထောင်စုစနစ်ကြီးကို ထူထောင်နိုင်မည်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် အဘက်ဘက်မှ ချွတ်ချုံကျပြီး ဆင်းရဲဒုက္ခအမျိုးမျိုးကို ရင် ဆိုင်ကြုံတွေ့နေရသော ပြည်သူများအနေဖြင့် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမည့် ကယ်တင်ရှင် အစိုးရကောင်းတရပ် ပေါ်ပေါက် လာရန် အမှန်တကယ် မျှော်လင့်နေကြသည်။
သို့သော်လည်း အာဏာကို ချုပ်ကိုင်ထားသည့် နအဖ စစ်အစိုးရ မပြုတ်သရွေ့ ရွေးကောက်ပွဲကျင်းပသော်လည်း လွတ်လပ်မျှတမှု ရှိမည်မဟုတ်။ ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရလည်း ပြည်သူလူထုတရပ်လုံး၏ ဆန္ဒမှ ပေါက်ဖွားလာသည့် အစိုးရတရပ် မ ဟုတ်နိုင်ဟု ပြည်သူအများစုက ယူဆနေကြသည်။