စက်တင်ဘာလ ၉။ နန်းထူးစံ (ကေအိုင်စီ)
မဲဆောက်မြို့ရှိ တရုတ်ဘုံကျောင်းတွင် ယနေ့ ဆန်လှူပွဲကျင်းပခဲ့ရာ မဲဆောက်နှင့် မြဝတီမြို့မှ မြန်မာပြည်သား
တစ်သောင်းကျော် လာရောက်အလှူခံခဲ့သည်။
အဆိုပါ ဆန်လှူပွဲကို မဲဆောက်မြို့ရှိ ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသည့် စုပေါင်းကုသိုလ်ပြု ဘုံ ကျောင်းဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပခြင်းဖြစ်ရာ လူမျိုးဘာသာမခွဲခြားဘဲ ရောက်ရှိအလှူခံသည့် မြန်မာပြည်သားများကို ဆန်(၅)ကီလို၊ ငါးသေတ္တာ(၁)ဗူး၊ မာမား(၄)ထုတ်၊ ဆား(၁)ထုတ်ပါဝင်သည့် ရိက္ခာတထုပ်စီ ပေးလှူသွားခြင်းဖြစ်သည်။
ယနေ့ပြုလုပ်ကျင်းပသည့် ဆန်လှူပွဲတွင် မဲဆောက်မြို့ ပတ်ဝန်းကျင်တွင် ရောက်ရှိအလုပ်လုပ်နေသော မြန်မာပြည်သားများအပြင် မြဝတီမြို့ဘက်မှ မြန်မာပြည်သားများ အပါအဝင် စုစုပေါင်း လူ (၁၅၀၀၀)ခန့် ရောက်ရှိအလှူခံခဲ့ကြောင်း သိရသည်။ ယနေ့ဆန်လှူပွဲသည် မရှိဆင်းရဲသည့် မြန်မာပြည်သားအတွက် သီးသန့်ပေးလှူခြင်းဖြစ်ပြီး မနက်ဖြန်မှသာ ဆင်းရဲသည့် ထိုင်းလူမျိုးများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်သည်။
ဆန်လှူပွဲကို ရောက်ရှိအလှူခံသည့် မတင်ခိုင်က “ဒီလိုမျိုးဆန်တွေ လှူတဲ့အတွက် ကျမတို့ကတော့ ဝမ်းသာတာပေါ့။ ကျမတို့ မိသားစု(၃)ယောက်လာတယ်။ ဆန်နှစ်ထုပ်ရတယ်။ ကျမတို့ မဲဆောက် ထုံထောင်းဘက်မှာ နေတယ်။ နေ့စားအလုပ်တယ်။ လယ်စပါးစိုက်၊ တောင်ယာအလုပ်တို့ပေါ့။ နေ့စားဝင်လုပ်တယ်။ တနေ့ကို (၁၀၀)ရပေမယ့် အခုအလုပ်ကို မရှိတာ။ အလုပ်မရှိလို့ ဒီဆန်လှူပွဲလာတာ။ အခုရတာနဲ့ နှစ်ရက်၊ သုံးရက်လောက် စားရတာပေါ့”ဟု ကေအိုင်စီကို ပြောသည်။

ဆန်လှူပွဲလာရောက် အလှူခံသည့် မြန်မာပြည်သားများကို ဖမ်းဆီးခြင်းမပြုရန် ဂေါပကလူကြီးများက သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များကို တောင်းဆိုထားသည့်အတွက် လာရောက်ကြသူများမှာ အဖမ်းအဆီးမှ ကင်းလွှတ်ကြသည်ဟု သိရသည်။
တရုတ်လူမျိုးများ၏ အစဉ်လာအရ သေဆုံးသွားသည့် အဘိုးအဘွားများ၏ ဝိညာဉ်များကို ပြန်လည် အောက်မေ့ပူဇော်သည့်အနေဖြင့် နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်သည် အကြိမ် (၄၀)မြောက်ဖြစ်ပြီး ယမန်နှစ်က ဆန်ထုပ် ၁၂၀၀ဝ ပေးလှူခဲ့သည်။