စက်တင်ဘာလ ၁ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း ရပ်ကွက်(၈)၌ ယနေ့နံနက် ၅နာရီ ဝန်းကျင်အချိန်တွင် ဓါးထိုးမှု တခုဖြစ်ပွားရာ တဦးသေဆုံးသွားသည်ဟု စခန်းလုံခြုံရေးမှူး မန်းထွန်းနောင်က ကေအိုင်စီကို ပြောသည်။
ဓါးဖြင့် အထိုးခံရသူ မွတ်ဆလင်မ် အမျိုးသား ဘချို ၂၃နှစ်သည် အခြားမွတ်ဆလင်မ် ညီအကိုသုံးဦးဖြစ်သူ ဂျင်မာလေး၊ ဆိုးပေ၊ ရဟာမက်တို့နှင့် ၎င်းရပ်ကွက်ရှိ နွားသတ်သည့်နေရာတွင် စကားများခဲ့ရာမှ စတင်ပြီးနောက် ထိုးကြိတ်ကြရာမှ ယခုလို သေဆုံးရ ခြင်း ဖြစ်သည်။ ၎င်းတို့လေးဦးသည် စခန်းထဲတွင် အမဲသားပေါင်ရောင်းပြီး အသက်မွေးဝမ်းကျောင်းသူများဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ရခြင်းနှင့် ပတ်သက်၍ အုန်းဖျန်စခန်းမှ ကိုနသီက “ဖြစ်တာကတော့ ဂျင်မာလေး၊ ဆိုးပေနဲ့ ဘချို စဖြစ်တာ။ သူတို့ သုံး ယောက် လုံးထွေးနေတဲ့အချိန်မှာ အငယ်ဆုံးညီဖြစ်တဲ့ ရဟာမက်က ဓါးနဲ့ဝင်လာပြီး ထိုးတာပေါ့နော်။ အဲဒီမှာ ဘချိုကို ဓားနှစ်ချက်ထိ သွားပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ သုံးယောက်ပူးနေတဲ့အချိန်ဖြစ်တော့ သူထိုးတာ သူ့အစ်ကိုအလတ် ဆိုးပေလည်း ဘယ်ဘက် လက်မောင်းထိသွားပြီး ဒဏ်ရာနဲ့ အခု ဆေးရုံမှာ”ဟု ကေအိုင်စီကို ပြောသည်။
သေဆုံးသွားသူ ဘချိုမှာ ဘယ်ဖက်ရင်အုံနှင့် ဝမ်းဗိုက်တွင် ဓားဒဏ်ရာထိမှန်ခြင်းဖြစ်ပြီး ဓားထိုးသွားခဲ့သူ ရဟာမက်ကိုမူ စခန်းလုံခြုံ ရေးများက ယခုအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အမှုကို ဖုတ်ဖရမြို့နယ်ရှိ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး ၎င်းတို့ကပင် မျက် မြင်သက်သေများကို ခေါ်ယူစစ်ဆေးကာ တာဝန်ယူ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု စခန်းလုံခြုံရေးမှူးက ပြောသည်။
လူဦးရေ နှစ်သောင်းကျော်ရှိသည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင် ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့် ၂နှစ် ကလည်း သစ်ပိုင်းနှင့် ရိုက်နှက်မိ၍ ယခုလို လူသေသည်အထိ ရာဇဝတ်ကျူးလွန်မှုမျိုး ရှိခဲ့ဖူးသည်။