Home သတင်း ကရင်နီ စစ်ရှောင်များ ရိက္ခာမလုံလောက်မှု ဆိုးဝါးလာ

ကရင်နီ စစ်ရှောင်များ ရိက္ခာမလုံလောက်မှု ဆိုးဝါးလာ

677
Photo: KnHRG

ဖေဖော်ဝါရီ ၂၇ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား) ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် လူဦးရေ တစ်ဆထက်တစ်ဆ တိုးလာနေပြီး စစ်ရှောင် စခန်းများ၌ စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပေါ်နေသည်ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီနေသူများက ပြောဆိုသည်။

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲ၊ ဖယ်ခုံ တဝိုက်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ်မှစ၍ စစ်ကောင်စီက နယ်မြေ ပြန်စိုးမိုးရန်အတွက် တိုက်ခိုက်လာသည့်အတွက် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသတွင်းရှိ ပြည်သူများ ဘေးလွှတ်ရာ စစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြေပြင်စစ်ဘေးရှောင် ကူညီနေသူ တဦး က ယခုလို ပြောသည်။

“စစ်ဘေးရှောင်တွေက အရင်ကထက်တိုးလာတယ်။ ထိတွေ့တိုက်ပွဲတွေကတော့ ရှိနေတုန်းပါပဲ။ အဓိကက အလှူရှင်တွေ နည်းပါးလာတဲ့အတွက် အခုလို မလုံလောက်မှုတွေ ရှိလာတယ်။ နောက်တစ်ခုက ရေပြတ်လပ်တဲ့ ဒဏ်ကိုပါ ခံနေကြရပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ယခုနှစ်၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဖြတ်တောက်လိုက်သည့်အတွက် ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည် သူတစ်သိန်းဝန်းကျင်ခန့်ကို ထိခိုက် နစ်နာမှုများရှိခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC၊ တွဲဖက်အတွင်းရေးမှူး(၂) ဗညားခွန်အောင်က ကေအိုင်စီသို့ ပြောဆိုသည်။

“နိုင်ငံတကာအကူညီလို့ပြောရမယ်ဆိုရင် USAID ကိုတော့ Mention မလုပ်ခြင်ပါဘူး။ နိုင်ငံတကာက၂၀၂၅ခုနှစ်မှာ ရုတ်တရက်ဖြတ်တောက်မှုတွေ လျှော့ချမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့လာရတယ်။ ရပ်ဆိုင်းလိုက်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတစ်သိန်းဝန်းကျင်အတွက် ထိခိုက်နစ်နာမှုတွေရှိတယ်လို့ ကျနော်တို့အနေနဲ့အကြမ်းဖျင်း ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှု လေးနှစ်ကျော်ချိန်တွင် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူပေါင်း ၃ ဒသမ ၅ သန်းအထိ စံချိန်တင်မြင့်မားလာပြီး တိုင်းနှင့်ပြည်နယ် ၁၃ ခုမှ လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် အကျပ်အတည်းများစွာ ရင်ဆိုင်နေရသည်ဟု သိရသည်။