ဇန်နဝါရီ ၁၄ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီ မြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သိန်းခွန်းကျေးနှင့် ချောင်းနှစ်ပေါက် ကျေးရွာမှ စစ်ဘေးရှောင် ၁,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု တွဲလက်ညီညီ စစ်ဘေး ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“လက်ရှိအခြေနေကတော့ ကိုယ့်ဥယျာဉ်ခြံထဲ ခိုလှုံနေသူတွေလည်းရှိတယ်။ ပြီတော့ စစ်ဘေးရှောင် ကူညီတဲ့ ကော်မတီတွေကို ဆက်သွယ်လာတဲ့ နောက်ထပ်တိုးလာတဲ့ စစ်ဘေးရှောင်တွေရှိနေတုန်းပါပဲ။ တိုက်ပွဲအခြေနေ က မကြာခဏ ဖြစ်နေတာဆိုတော့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ တွေလိုအပ်နေပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်ချက်များအပြင် ဆေးဝါးကူညီထောက်ပံ့မှုများ မရှိသည့် အတွက် နီးစပ်ရာ ဆရာ၊ ဆရာမများထံ ပြသ၍ ရောဂါကုသနေရသလို ဆေးဝါးများလည်းလိုအပ်လျက် ရှိနေသည် ဟု အဆိုပါစစ်ဘေးရှောင် ကူညီသူက ဆက်ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းနှင့် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၆၈,၀၀၀ ဦး ကျော်အထိ ရှိသည်ဟု ဒေသတွင်းသုတေသန အဖွဲ့ဖြစ်သည့် FE5 Thanintharyi က ထုတ်ပြန် ထားသည်။
FE5 Thanintharyi အဖွဲ့ အယ်ဒီတာကိုကျော်က “အခုနှစ်က စစ်ဘေးရှောင်ကူညီမယ့်အဖွဲ့အစည်းတွေအနေနဲ့ အခက် အခဲတွေ အများဆုံးကြုံရမယ့် နှစ်လို့ စစ်ဘေးရှောင်ကူညီတဲ့ အဖွဲ့အစည်းတော်တော်များများက ပြောထား တာရှိပါ တယ်။ ဘာကြောင့်လည်းဆိုတော့ စစ်ဘေးရှောင်တွေအတွက် အကူအညီအများစုသည် ဒေသအတွင်းမှာရှိတဲ့ ပြည်သူတွေက တဆင့် ပြန်ပြီးတော့ အလှူခံပြီးတော့ သွားနေတာဖြစ်တယ်။ အခုတဖြည်းဖြည်းနဲ့ကြပ်တည်းလာတဲ့ အခြေနေရှိတဲ့အတွက် အလှူခံရရှိဖို့ လျော့နည်းလာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလိုထွက်ပြေး တိမ်းရှောင်လျက်ရှိနေသည့် စစ်ဘေးရှောင်များအနေဖြင့် လက်ရှိတွင်တောတောင်အတွင်း နေထိုင်နေကြရသည့်အတွက် နေရာထိုင်ခင်း လိုအပ်ချက်များအပြင် ရာသီဥတုဒဏ်များကိုပါ ခံစားနေကြရသည် ဟု စစ်ဘေးရှောင်အနီးကပ် ကူညီနေသူများက ပြောဆိုသည်။



















