ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံးလောင်းဒေသအတွင်းသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှစ၍ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေပြီး ရိက္ခာ၊ ဆေးဝါး သယ်ဆောင်ခွင့် ကန့်သတ်ထားသည်ဟု ဒေသခံများနှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) တာဝန်ရှိသူက ပြောသည်။
ယခုလို ရေးမြို့နယ် ကျုံးလောင်းဒေသသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေမှု အခြေအနေနှင့် ပတ်သက်၍ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ယခုလို အတည်ပြုပြောသည်။
“ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ၉ ရက်နေ့ကစပြီးတော့ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်တယ်။ မနေ့ကတော့ တချက် ဖြစ်သွားတယ်။ ဒီနေ့တော့နည်းနည်း တိတ်နေတယ်။ စစ်ကောင်စီဘက်က အကျအဆုံး တော်တော်များတယ်။ တချို့ကလည်း ၅၀ ကျတယ်၊ တချို့ကတော့ ၆၀ ကျတယ် ပြောနေတယ်။ သတင်းအတိအကျ ရနိုင်ဖို့အတွက် အတည်ပြု နေတုန်းပဲ” ဟု ၎င်းက ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ယခုလို တိုက်ပွဲ ဖြစ်ပွားနေပြီး ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီး ဆက်တိုက် ပစ်ခတ်မှုများကြောင့် ကျုံလောင်း၊ ကျောက်မိကျောင်း ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများနှင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် ရေးမြို့ပေါ်မှ ကျေးရွာများသို့ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ဆောင်ခွင့်ကို စစ်ကောင်စီက တားမြစ်ထားသည့်အတွက် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရသည်ဟု ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“တိုက်ပွဲတွေ ပြင်းထန်နေတော့ စစ်ကောင်စီဘက်က ဆေးဝါးနဲ့ ရိက္ခာသယ်ဆောင်ခွင့်ကို ဖြတ်ထားတာ ၅ ရက် လောက်ရှိပြီး။ ရွာသားတွေ ကိုယ်တိုင်ကြုံတွေ့နေရတယ် ရိက္ခာနဲ့ ဆေးဝါးသယ်လို့မရတဲ့ အခက်အခဲကိုပါ” ဟု ၎င်း က ပြောသည်။
နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ရှောင် ၄၀၀ ဦးကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အများစုကို အကူအညီပေး နိုင်ရန် စာရင်းကောက်ယူ၍ ထားဝယ်ခရိုင်နှင့် ပူးပေါင်းကာ ဆန်၊ ဆီ၊ ငါးသေတ္တာ စသည့် အသင့်စားသုံးနိုင်သည့် အစားအစာများ ကနဦး ထောက်ပံ့ပေးထားကြောင်း Mon Relief and Development Center’s ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနက ပြောသည်။
ထို့အပြင် ရေးမြို့နယ်ဆေးရုံကြီး၌ စစ်ကောင်စီတပ်မှ ကျဆုံးသူများနှင့် ဆေးကုသမှု ခံယူနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ ရှိနေပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများသောကြောင့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် လေကြောင်းမှပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့သည်ဟု MSRF က ပြောသည်။



















