ဇန်နဝါရီ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာဘာလ (၁)ရက်မှ (၃၁) ရက်နေ့ အထိ တစ်လအတွင်း နိုင်ငံတစ်ဝှမ်းလုံး၌ အရပ်သား (၉၅) ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) တွင်ထုတ်ပြန် ပြောဆိုသည်။
AAPP ၏ ကောက်ယူထားသော စာရင်းအရ အဆိုပါ သေဆုံးသူများထဲတွင် အမျိုးသမီး (၃၅) ဦး၊ အမျိုးသား (၅၉) ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြား သူတစ်ဦးအပါအဝင် စုစုပေါင်း (၉၅) ဦး၏ သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် ပြည်တွင်းတွင်သာမက နိုင်ငံတကာအရေးတွင် စစ်ရေးနှင့် အုပ်ချုပ်မှုနှစ်ရပ်လုံးကို ထိန်းချုပ်နိုင်စွမ်း သိသာစွာလျော့နည်းလာ၍ ပြည်သူများကို အကြောက် တရားဖြင့် အုပ်ချုပ်လိုသောကြောင့် ယခုလို သတ်ဖြတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု AAPP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောသည်။
၎င်းက “ဒီလိုသေဆုံးမှုတွေကက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု တို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေသေဆုံးခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီက ကဏ္ဍပေါင်းစုံ ကျရှုံးနေပြီး အခုလို အပြစ်မဲ့ပြည်သူတွေကိုရက်ရက်စက်စက် သတ်ဖြတ်နေတာအထင်အရှားဖြစ်ပါတယ်။ နိုင်ငံတ ကာမှာလည်း စစ်အုပ်စုကို ထောက်ခံတဲ့ နိုင်ငံက လက်ချိုးရေတွက်လို့ ရတဲ့အနေ အထားမှာရှိနေပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အရပ်သားများသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၇၅) ဦး သေဆုံးခဲ့ပြီး မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အများစုသေဆုံးခဲ့သည်။ ၎င်းသေ ဆုံးခဲ့သည့်အထဲတွင် အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၄) ဦးလည်း ပါဝင်ကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို အရပ်သားများအား လေကြောင်းနှင့်လက်နက်ကြီးသုံး ပစ်ခတ်မှုသည် လူ့အခွင့်အရေးချိုး ဖောက်ရာ လုပ်ရပ်ဖြစ်ပြီး ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီ၏ အာဏာရှင်စနစ် ချုပ်ငြိမ်း နိုင်ရန် တရားမျှတအတွက် ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန်လိုအပ်နေသည်ဟုလည်း ဦးအောင်မျိုးကျော်က ဆက်လက်ပြောဆိုသည်။
“အခု လုပ်ရပ်တွေက နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေ၊ ဥပဒေတွေကို အတိအလင်းချိုး ဖောက်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေအတွက် သေချာပေါက်ပြန်လည်ပေးဆပ်ရမှာပါ။ အခုလို အသက်ပေးလိုက်တဲ့သူ တွေအတွက် တရားမျှတမှုရအောင် လုပ်ဆောင်နိုင်ဖို့အတွက် ကျနော်တို့လို ရှင်သန်ကျန်ရစ်နေခဲ့တဲ့သူတွေမှာ တာဝန်အပြည့်ရှိပါတယ်။” ဟု ဦးအောင်မျိုးကျော်က ပြောသည်။
၎င်းအပြင် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နှင့် ကမ္မမြို့ကြားတွင် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြစ်ခြေမြို့နေ ဒေသခံ ၅ ဦး လက်နက်ကြီးကျဥ်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
AAPP၏ ဇန်နဝါရီလ (၇) ရက်နေ့အထိ ပြုစုထားသည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်း ကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူနှင့် အရပ်သားပြည်သူ စုစုပေါင်း ၆,၁၂၄ ဦး သေဆုံးခဲ့သည်။



















