Home သတင်း ၅ နှစ်ကျော်ကြာ ရပ်နားထားသည့် KUPC အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်

၅ နှစ်ကျော်ကြာ ရပ်နားထားသည့် KUPC အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်

699
Photo: Social Media

ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

၅ နှစ်ကျော်ကြာ အစည်းအ‌ဝေးပြုလုပ်မှု ရပ်နား‌နေသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ကော်မတီ (KUPC) အစည်းအ‌ဝေးကို လာမည့် ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်ကာလအတွင်း ပြန်လည် ပြုလုပ်သွားမည်ဟု ဦးဆောင် စီစဥ်သူများထံမှ သိရသည်။

ယခုလို KUPC ‌ကော်မတီ အစည်း‌ဝေး ပြန်လည်ကျင်းပနိုင်‌ရေးအတွက် ပြီးခဲ့သည့် ‌ဒီဇင်ဘာလ ၁၂ ရက်‌နေ့ တွင် ဗုဒ္ဓဂါယာသာသနာပြု ဌာနတည်ရှိသည့် ဖားအံမြို့နယ်၊ ခလောက်ထောင်ရွာ ၌ ‌ကော်မတီ အလုပ်အဖွဲ့ဝင်များက ‌တွေ့ဆုံ‌ဆွေး‌နွေး ညှိနှိုင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုတွေ့ဆုံဆွေးနွေးမှုသည် ‌နောင်လာမည့် ၆ လ အတွင်း KUPC ၏ စုံညီစည်းဝေးပွဲကို အတည်ပြု ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းသည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ‌ကော်မတီ‌ရှေ့လုပ်ငန်းစဉ်များကိုလည်း ‌ဆွေး‌နွေးခဲ့သည်ဟု အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် ‌ကော်မတီဝင်များထံမှ သိရသည်။

“(၅) နှစ်လောက် ကင်းကွာနေတဲ့ ‌ကော်မတီဝင်တွေရဲ့ စုံညီအစည်းအဝေးကို နောက်ခြောက်လကျရင် ပြန်လည်ကျင်းပမလို့ပါ။ အဲဒီအတွက် အကြိုညှိနှိုင်းပွဲလုပ်တာ ဖြစ်ပါတယ်။ အဓိကကတော့ စုံညီပွဲကို အတည်ပြု ကျင်းပနိုင်ဖို့ရယ် KUPC ရဲ့ ရပ်တည်ချက် (၃) ရပ်ထဲက အခြေခံအချက်အလက်တွေကို ကြိုတင်ပြင်ဆင်ပြီး လာမယ့် စုံညီပွဲမှာ ပါဝင်ဆွေးနွေးသွားဖို့ ဖြစ်တယ်” ဟု KUPC မှ ဦးဆောင်ဆရာတော် အရှင်စန္ဒာဝရက ကေအိုင်စီသို့ ပြောသည်။

Photo: Social Media

KUPC ၏ အကြိုညှိနှိုင်းအစည်းအဝေးပွဲသို့ တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ အစရှိသည့် ဒေသအလိုက် ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း လူဦးရေ (၅၀) ခန့် ပါဝင်တက်ရောက်ခဲ့ကြကြောင်းလည်း အစည်း အဝေးတွင်ပါဝင်သူများ၏ ပြောပြချက်အရ သိရသည်။

KUPC ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၉-၃ဝရက်‌နေ့က ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည့် ကရင့်‌ရေးရာအစည်း အ‌ဝေးတွင် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင့်နိုင်ငံ‌ရေးပါတီများ၊ ကရင်လွှတ်‌တော်အမတ်များနှင့် ကရင့်‌ရေးရာဝန်ကြီးများ၊ ‌ဒေသအသီးသီးရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များ၊ ကရင်လူမှု‌ရေး အဖွဲ့အစည်းများ ပါဝင်သည့် ‌ကော်မတီဝင် ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ‌KUPC ၏ (၁၀) ကြိမ်မြောက် အစည်းအ‌ဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ မှ ၁၁ ရက်‌နေ့အထိ ထားဝယ်မြို့၌ နောက်ဆုံးအနေဖြင့်ကျင်းပခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် ခေတ်ကာလ အခြေအနေများကြောင့် လက်ရှိ ၂၀၂၄ ခုနှစ် အကြိုညှိနှိုင်းမှုကာလအထိ ၆ နှစ်ကျော်ကြာ အစည်းအ‌ဝေးကျင်းပမှု ရပ်နားထားခဲ့ရသည်ဟု KUPC ၏ ဦးဆောင်ကော်မတီဝင်က ဆိုသည်။

မူလက ကော်မတီဝင် ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော KUPC အတွင်း လက်ရှိတွင် နယ်ပယ်စုံမှ ကရင်အမျိုးသား‌ခေါင်း‌ဆောင်များစုစည်းထားသည့် ‌ကော်မတီဝင် (၁၀၀) နီးပါး ရှိနေပြီဖြစ်သည်။