Home သတင်း မာထောစခန်းကျပြီးနောက် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးကို KNLA ဖမ်းမိ

မာထောစခန်းကျပြီးနောက် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးကို KNLA ဖမ်းမိ

690

ဒီဇင်ဘာ ၃ ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီ မာထောစခန်း ကျပြီးနောက် ထွက်ပြေးသည့်တပ်ဖွဲ့ဝင် ၃၆ ဦးကို ဒီဇင်ဘာ ၂ ရက်တွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဘက်က ဖမ်းဆီးရမိသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲဝင်များသည် တစ်ခြားစခန်းသို့ သွားရောက်ပူးပေါင်းရန်အတွက် တောတောင်ထဲတွင် တစ်ပတ်ကျော်ကြာသည်အထိ ပိတ်မိပြီး KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆက်တိုက်ပိတ်ဆို့ တိုက်ခိုက်သည့်အတွက် ယခုလို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု မူတြော်ခရိုင် ပြန်ကြားရေး တာဝန်ရှိသူတဦးက ယခုလိုပြောသည်။

“သူတို့ကို လိုက်ပိတ်ပစ်ခတ်တော့ မနေ့က ၃၆ ယောက် ထပ်ဖမ်းမိတယ်။ အဲဒီအထဲမှာ ရာထူးအဆင့်တွေက ဘယ်လိုရှိလဲတော့ သေချာ မစိစစ်ရသေးဘူး။ လက်နက်တချို့လဲ ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့က ငှက်ပျောတောနှင့် ထွီးသီးအု(ဖာပွန်မြို့နယ်အတွင်းရှိရွာ)၌ KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ MA-1 သုံးလက်၊ MA-4 တစ်လက် သိမ်းဆည်းရရှိခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန် ထားသည်။

စကခ(၈)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်များဝင်ရောက်တပ်စွဲ နေထိုင်သည့် မာထောစခန်းကို နိုဝင်ဘာ ၂၂ ရက်နေ့က KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဒွယ်လိုးမြို့နယ်ထဲတွင် စစ်ကောင်စီ မာထောစခန်းအပြင် နှစ်ပေါင်း ၇၀ ကြာတပ်စွဲ ထားသည့် သက်တမ်းရင့် ကူးဆိပ်တံတားလုံခြုံရေးစခန်းကိုလည်း KNLA၊ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုင် နိုင်ခဲ့ကြောင်း သိရသည်။