ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မိမိတို့ ပတ်ဝန်းကျင်ရှိ မသန်စွမ်းကလေးငယ်များကို လျစ်လျူမရူ့သင့်သလို ပညာသင်ကြားရေးအပါအဝင် တန်းတူ အခွင့်အရေးပေးရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Star Flower School ၏ ကျောင်းအုပ်ဆရာမကြီး နော်သူးမွဲဖောက တိုက်တွန်းပြောဆိုသည်။
ယနေ့ ဒီဇင်ဘာ ၃ ရက် တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား တစ်ခုကို မဲဆောက်မြို့၊ ဆာသူးလေကျောင်း၌ Star Flower School က ဦးဆောင်ကျင်းပခဲ့ပြီး အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက ယခုလို တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“သူတို့တွေလည်း လူတွေဘဲ။ သူတို့လေးတွေ လုပ်နိုင်တဲ့အရာတွေ ရှိတယ်။ ကိုယ်စီ စွမ်းရည်တွေလည်း ရှိကြ တယ်။ တစ်ခါတလေကျရင် ပိုလီယိုကလေးတွေဖြစ်ပါစေ၊ သူတို့မှာလည်း နှလုံးသားတွေ ရှိတယ်။ ပိုလီယိုလို့ အခေါ်ခံရရင် သူတို့စိတ်မကောင်း ဖြစ်တယ်။ သူတို့မှာလည်း ကျမတို့လို စာသင်ကြားခွင့် တန်းတူအခွင့်အရေးတွေ ရှိတယ် ဆိုတာကို မမေ့ကြဖို့ ပြောချင်ပါတယ်” ဟု ဆရာမကြီးက ပြောဆိုသည်။
ထို့အပြင် မိမိတို့ပတ်ဝန်းကျင်ရှိ မသန်စွမ်း ကလေးသူငယ်များကို လျစ်လျူမရူ့ကြရန်နှင့် မသန်စွမ်း ကလေးငယ် များသည် သာမာန်ကလေးငယ်များနှင့် တန်းတူအခွင့်အရေးများ ရှိနေကြောင်းကို ကျောင်းသားမိဘများနှင့် ပတ်ဝန်းကျင်ရှိ ဒေသခံများအား ပိုမိုသိရှိစေလိုရန် ရည်ရွယ်ပြီး ယခုလို အခမ်းအနားကျင်းပရခြင်း ဖြစ်သည်ဟု Star Flower School ကျောင်းအုပ်ဆရာမကြီး နော်သူးမွဲဖောက ပြောသည်။
ယခုလို Star Flower School က အပြည်ပြည်ဆိုင်ရာမသန်စွမ်းများနေ့ အခမ်းအနားကို ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်၍ ဆရာ၊ ဆရာမများအနေဖြင့် အခက်အခဲများစွာ ရှိသော်လည်း အခမ်းအနား တတ်ရောက်လာ သည့် မဲဆောက်မြို့ အခြေစိုက် ရွှေ့ပြောင်းကျောင်းများမှ မသန်စွမ်းကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် မမေ့နိုင် စရာအမှတ်တရများ ကျန်ခဲ့မည်ဖြစ်ကြောင်း Myanmar Health Support (MHS) မှ ဆရာမျိုးမင်းက ပြောဆိုသည်။
ယနေ့ အခမ်းအနားတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများ အတူတကွ ပူးပေါင်းပြီး မသန်စွမ်းကလေး များနှင့်အတူ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲ အတူတကွပြုလုပ်ခဲ့ကြသည်။
နှစ်စဉ် ဒီဇင်ဘာ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ၁၉၉၂ ခုနှစ်တွင် စတင်သတ်မှတ်ပေးခဲ့သည်။ လက်ရှိကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ကြုံတွေ့ ခံစားနေရသလို ထို ၁၅ ရာခိုင်နှုန်းထဲရှိ ၈၀ ရာခိုင်နှုန်းသည် ဖွင့်ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ယခင်နှစ်က ထုတ်ပြန်သည် အစီရင်ခံစာအရ သိရသည်။



















