Home သတင်း ရေးတွင် စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရ ၃ ဦးသေဆုံး

ရေးတွင် စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရ ၃ ဦးသေဆုံး

636
Photo: ရေးဘီလူး

ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံသာကျေးရွာ အမှတ်(၈)လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်ကို ရေးဘီလူးအဖွဲ့က ယနေ့ နံနက် ၉ နာရီ ခန့်ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု အဖွဲ့ ခေါင်းဆောင်က ပြောသည်။

ဖြစ်စဉ်မှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၃၄၃)တပ်ရင်းမှ စစ်ကားသည် အစည်းအဝေးတက်ရန်သွားစဉ် စုံနံသာကျေးရွာသို့ ရောက်ချိန်တွင် ယခုလို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယခုလို ပြောသည်။

“ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့မနက် အမှတ် (၈) လမ်းမကြီးပေါ်မှာပေါ့နော် စကခ (၁၉) ကို အစည်းအဝေးသွားမဲ့ ကားကို ကျနော်တို့ စောင့်ဆိုင်းပြီး လမ်းမကြီးပေါ်ကိုဝင်ပစ်တယ်။ သူတို့ဘက်က ၃ ယောက်ကျတယ်။ ဒဏ်ရာ ရထားတာလည်းရှိတယ်။ လက်နက်တွေတော့မရလိုက်ဘူး။ ကားမောင်းသမားက မကျလိုက်တဲ့အတွက် ကားမောင်း ပြေးသွားတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်သွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရေးမြို့နယ်အတွင်း ရေးဘီလူးတပ်ဖွဲ့ဝင်များက စစ်ရေးအရ မကြာခဏ လှုပ်ရှားလျက်ရှိနေပြီး ယခုလက်ရှိ အမှတ် (၈)လမ်းမကြီးပေါ်တွင် တိုက်ပွဲများဖြစ်ပွားနောက် စစ်ကောင်စီခြေမြန်တပ်ရင်းများဖြစ်သည့် (ခမရ-၅၈၆ ၊ ၃၄၃ ၊ ၅၈၇ )တပ်ရင်းများမှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိ သလို ရေးဘီလူးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးခြေထောက်၌ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ထပ်မံဖြည့်စွက်ပြောဆိုသည်။