Home သတင်း ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သည့် မြန်မာနိုင်ငံသားများအား အရေးယူမည်ဟု ထိုင်းလူဝင်မှုကြီး ကြပ်ရေးသတိပေး

ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သည့် မြန်မာနိုင်ငံသားများအား အရေးယူမည်ဟု ထိုင်းလူဝင်မှုကြီး ကြပ်ရေးသတိပေး

1100
Photo- Social Media

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတွင် သက်တမ်းကျော်လွန်နေထိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း နှင့် ဒဏ်ကြေးပေး‌ဆောင်စေခြင်းဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုမှ အရေးယူသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ယနေ့ နိုဝင်ဘာလ (၈) ရက်နေ့တွင် ထုတ်ပြန်သတိပေးသည်။

ထိုင်းနိုင်ငံအတွင်းရှိ မည်သည့် အ‌ထောက်အထား ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် နေထိုင်ခွင့် သက်တမ်းတစ်ရက်လွန်လျှင် ဘတ် ၅၀၀ နှုန်းဖြင့် စုစုပေါင်း ၂၀,၀၀၀ ထက်မပိုသော ဒဏ်ကြေးငွေ ပေးဆောင်ရမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုအတူ သက်တမ်းလွန်ကာလအလိုက် ပြည်ဝင်ခွင့်ပိတ်ပင်သွားမည်ဖြစ်သည်တွင် ရက်ပေါင်း (၉၀) နှင့်အထက် သက်တမ်းလွန်နေထိုင်သူများအား ပြည်ဝင်ခွင့် (၁) နှစ် ပိတ်ပင်ခြင်း၊ (၁)နှစ်နှင့်အထက် သက်တမ်းလွန် နေထိုင်သူများအား (၃) နှစ် ပိတ်ပင်ခြင်းဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာသံရုံးက ဆိုသည်။

ဆက်လက်၍ (၃) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ပြန်လည်ဝင်ရောက်ခွင့် (၅)နှစ်၊ (၅) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ပြန်လည်ဝင်ရောက်ခွင့် (၁၀) နှစ် စသည်ဖြင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ ဒါသက်သက်ငွေညစ်တယ်လို့ ထင်မိတယ်။ အရင်ကဆို ရက် ၉၀ သက်တမ်း ဘယ်လောက်ကျော်ကျော် ပြန်တိုးရင် ၅၀၀ ပဲ‌‌‌‌‌ပေးရပါတယ်။ အခုကျ တစ်ရက်ကို ၅၀၀ ဖြစ်သွားတယ်။ ပြီးကျ ပြည်ဝင်ခွင့်ပါ ပိတ်ခံရအုံးမယ်။ ဘတ်က မဖွင့်ပေးသေးတော့ တကယ်တမ်း ရုတ်တရက်လာစစ်ရင် အပြုံလိုက်ကြီး ပြန်အပို့ခံရမှာ” ဟု ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းစည်းမျဥ်းစည်းကမ်းများသည် ထိုင်းလူဝင်မှုကြီးကြပ်ရေး အက်ဥပ‌ဒေ ( B.E.2522) နှင့်အညီ သတ်မှတ်ထားခြင်း ဖြစ်ပြီး ၎င်းနေထိုင်ခွင့်သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ အလေးထား အရေးယူဆောင်ရွက်မည် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ဖော်ပြသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် တရားမဝင်မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် ယခုနိုဝင်ဘာလအတွင်း CI စာအုပ်အသစ်လုပ်ဆောင်ရန်နှင့် သက်တမ်းကုန် CI စာအုပ်များ သက်တမ်းတိုးရန် စမွန်စခွန်နှင့် စမွန်ပရာကန် စင်တာများတွင် ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာအလုပ် သမားအရေးဆောင်ရွက်နေသူများက ဆိုသည်။