Home သတင်း KNU တပ်မဟာ ၅ တွင် တစ်လအတွင်း တိုက်ပွဲပေါင်းတစ်ရာကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး သေဆုံး

KNU တပ်မဟာ ၅ တွင် တစ်လအတွင်း တိုက်ပွဲပေါင်းတစ်ရာကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး သေဆုံး

686
Photo: KNU

နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်၊ တပ်မဟာ ၅ နယ်‌မြေတွင် အောက်တိုဘာလအတွင်း တိုက်ပွဲ‌ပေါင်း (၁၃၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီတပ်ဖွဲ့ဝင် (၂၉) ဦး သေဆုံးခဲ့‌ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်က နိုဝင်ဘာလ ၄ ရက်‌၊ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်နေ့အထိ တစ်လအတွင်းဖြစ်ပွားခဲ့သည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA နှင့် စစ်‌ကောင်စီတပ်ဖွဲ့များကြားတိုက်ပွဲများတွင် စစ်‌ကောင်စီတပ်ဘက်မှ ၂၉ ဦးသေဆုံးပြီး တပ်ရင်းမှူးတစ်ဦးနှင့် ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် KNLA ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ၏ စစ်ဘက်ဆိုင်ရာ အဆောက်အဦး (၁၉)လုံးနှင့် မော်တော်ယာဥ် ၁ စီးကို ဖျက်ဆီးနိုင်ခဲ့သလို ၎င်းတို့၏ စစ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း မူ‌တြော်ခရိုင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီက ပြည်သူလူထု နေထိုင်သည့် ကျေးရွာများသို့ လေကြောင်းအသုံးပြု၍ ဗုံးဆံရေ(၃၀၀)ကျော်ကြဲချခဲ့ပြီး လက်နက်ကြီးအကြိမ်ရေ (၄၄) ကြိမ်ပစ်ခတ်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ခေါပုတ်စခန်းကို ဒီဘက်က သွားဝိုင်းတဲ့ရက်တွေတုန်းကလည်း စစ်တပ်က အဲဒီပတ်ပတ်လည်ကို လက်နက် ကြီးထုတယ်။ ကျမတို့နဲ့ ခေါပုတ်ဘက်က ဆိုင်ကယ်နဲ့ ၂ နာရီလောက်သွားရင် ရောက်ပြီလေ။ အခြေအ နေက တော့ မကောင်းပါဘူး။ ကျမတို့ဘက်တွေမှာ လေယာဥ်က နေ့တိုင်းလာတာ။ ကျမလည်း ကလေးတွေ ကြောက် မှာစိုးလို့ အနီးကပ်နေပေးနေရတယ်။” ဟု ဘူးသိုမြို့နယ် ဒေသခံကျောင်း ဆရာမတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် စစ်ကောင်စီက ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူပိုင် နေအိမ် ၉ လုံး၊ စာသင်ကျောင်းဆောင်တချို့နှင့် လယ်ယာစိုက်ခင်းများလည်း ထိခိုက် ပျက်စီးခဲ့သည်ဟု မူ‌တြော်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလတစ်လအတွင်း နှစ်ဖက်တိုက်ပွဲ(၁၄၄)ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီ ဘက်မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးအဆင့်များအပါအဝင် တပ်ဖွဲ့ဝင် (၇၄)ဦး သေဆုံးပြီး (၄၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း မူတြော်ခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။