Home ဆောင်းပါး လှော်ရင်းနစ်နေတဲ့ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စု

လှော်ရင်းနစ်နေတဲ့ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စု

1595
Photo: Crd.

လှော်ရင်းနစ်နေတဲ့ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စု

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်)

နေရာပေါင်းစုံကနေ နေ့စဉ်နဲ့အမျှ ကြားသိတွေ့မြင်နေရတဲ့ အချက်အလက်တွေ (တချို့သော အချက်အလက် တွေမှာ တစ်ဖက်သတ် အကောင်းမြင်လွန်းတဲ့စိတ်နဲ့ ပိုပိုမိုမို ချဲ့ကားထားတာတွေ ပါရှိနေသော်ငြားလည်း)က မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စု လှော်ရင်းနစ်နေတာ၊ လှုပ်လေမြုပ်လေဖြစ်နေတဲ့ အနေအထားကို ညွှန်ပြနေပါ တယ်။ အထူးသဖြင့် (စကစ)စစ်အုပ်စု အကျပ်အတည်းဆိုက်နေတာ ရှုံးပွဲတွေဆင့်နေတာကို ပြည်သူတွေက ကျေနပ် ဝမ်းသာသဘောကျနေကြတဲ့ အချက်ပါပဲ။

သူတို့ သိဒ္ဓိတင် မန်းမှုတ်ထားတဲ့ “ယာယီသမ္မတ ဦးမြင့်ဆွေ” ဆိုသူဟာ ICU ထဲမှာ နေ့လား ညလား ဖြစ်နေသ လို (စကစ)စစ်အုပ်စုကလည်း ပြည်တွင်းပြည်ပ အကျပ်အတည်းပေါင်းစုံအကြားမှာ မျက်ဖြူဆိုက်နေပါတယ်။

သူတို့စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈အခြေခံဥပဒေက မည်သို့ပင်ဆိုထားစေကာမူ “ယာယီသမ္မတဦးမြင့်ဆွေ”ရဲ့ ရုတ်တရက်ဖြစ်လာတဲ့ သေရေးရှင်ရေး အနေအထားကြောင့်ဖြစ်တဲ့နည်းနဲ့ ယာယီသမ္မတ “တာဝန်”ကို (စကစ)ဥက္ကဋ္ဌက သူ့ကိုယ်သူ အပ်နှင်းလိုက်တယ်။

အဲဒီနောက် မရှေးမနှောင်းမှာပဲ ရရှိလာတာက လားရှိုး မြို့နဲ့ (ရမခ)စစ်တိုင်းဌာနချုပ်ကို (စကစ)စစ်အုပ်စု လက်လွှတ်လိုက်ရတယ်။ သူတို့ ထိန်းချုပ်မှုအောက်မှာ လားရှိုးမြို့နဲ့ (ရမခ) စစ်တိုင်းဌာနချုပ်ဟာ အရင်လို မရှိတော့ဘူး။ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေလက်ထဲ ကျရောက်သွားပါပြီ။ ဒါဟာ (စကစ)စစ်အုပ်စုအဖို့ စစ်ရေးအရ သမိုင်းဝင် ရှုံးနိမ့်မှုကြီးပဲ ဖြစ်ပါတယ်။ အဲဒီရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး မင်းအောင် လှိုင်က (၅-၈-၂၀၂၄) ရက်နေ့ကပြောတဲ့မိန့်ခွန်းထဲမှာ အခုလို မုသားတစ်ဝက်နဲ့ ဝန်ခံထားပါတယ်။

– “ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိနေရာများရဲ့ လုံခြုံရေး နဲ့ လာရောက်ခိုလှုံနေတဲ့ပြည်သူများ ဘေးအန္တရာယ်ကင်းရေးကို ဦးစားပေးစဉ်းစားပြီး ဆုတ်ခွာခဲ့ရတာလည်း ရှိပါတယ်”
အခုတော့ အဲဒီရှုံးနိမ့်မှုကို နည်းလမ်းပေါင်းစုံသုံးပြီး ပြန်လည် အဖတ်ဆယ်နိုင်ဖို့ မီးကုန်ယမ်းကုန် ကြံစည်နေ ကြပုံပေါ်ပါတယ်။

“လားရှိုးမြို့နဲ့ (ရမခ)စစ်တိုင်းဌာနချုပ်ကို လက်လွှတ်လိုက်ရတဲ့အဖြစ်”က တပ်တွင်း/တပ်ပြင်မှာရော အငြိမ်း စားနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်ချုပ်တွေအပေါ် အတိုင်းအတာတစ်ခုနဲ့ ဂယက်ရိုက်ခတ်သွားတာတော့ အင်မတန် သေချာပါတယ်။ တက်လာနေတဲ့ အာဘော်တွေ၊ ထွက်လာနေတဲ့ အသံတွေအရတော့ အစွန်းရောက် စစ်အုပ် စုဂိုဏ်းရဲ့ အာဘော်နဲ့အသံက အဓိကလိုလိုဖြစ်နေတာ တွေ့ရပါတယ်။

သူတို့အုပ်စုရဲ့ အဓိကအာဘော်က ဒီထက်ပိုပြီး လူမဆန်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မိုက်မိုက်ကန်း ကန်း ဇွတ်တိုးလုပ်ဖို့ လှုံ့ဆော်နေတာဖြစ်ပါတယ်။ အဲဒီလို မိုက်မိုက်ကန်းကန်းအာဘော်တွေကို သင်္ကန်းဝတ် ဝီရသူတို့ – ဘူးလက်လှဆွေတို့လို လူရမ်းကားတွေကို ပွဲထုတ်လာပြီး ပြောခိုင်းပါတယ်။

အဲဒီအာဘော်ကိုပဲ အခြားတစ်ဖက်မှာတော့ “နိုင်ငံရေးပါတီ ၂၅ပါတီရဲ့ ပူးတွဲသဘောထားကြေညာချက်” ဆိုတဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားပါတယ်။ ဒါ့အပြင် (စကစ)စစ်အုပ်စု လက်ခုပ်ထဲမှာရှိနေတဲ့ ဘာသာရေး၊ လူမှုရေး၊ အနုပညာ ယဉ်ကျေးမှု စတဲ့နာမည်ပေါင်းစုံနဲ့ အသင်းအဖွဲ့တွေက ထုတ်ပြန်တဲ့ “ကြေညာချက်”ဆိုတာတွေကနေလည်း အာဘော် ဖန်တီးနေပါတယ်။ နာမည်မျိုးစုံနဲ့ လုပ်ကြံဖန်တီးရေးသားပေးပို့ထားတဲ့ “အယ်ဒီတာ့ထံပေးစာ” ဆိုတာတွေမှာလည်း အဲဒီအာဘော်ကိုပဲ တွေ့ရပါလိမ့်မယ်။

ပြောပုံဆိုပုံ၊ ရေးပုံသားပုံ၊ စကားလုံးသုံးစွဲပုံတွေကတော့ အနည်းငယ် ကွဲပြားကောင်း ကွဲပြားမှာဖြစ်ပေမယ့် အရင်းခံသဘောထားကတော့ “အပြုတ်တိုက် – အပြတ်ချေမှုန်းရေး” ဆိုတာပါပဲ။

ဒါက ခါးချိနေတဲ့ စစ်အုပ်စုရဲ့ လိပ်ပြာငယ်လို ထွက်လာတဲ့အော်သံလို့ ထင်ပါတယ်။ တကယ့်ဖြစ်ရပ်က အောက်ခြေတပ်ထုက စစ်မတိုက်ချင်ကြတော့ဘူး။ တိုက်ပွဲဖြစ်တာနဲ့ လက်နက်ချကြတာ၊ ထွက်ပြေးကြတာချည်းပါ။ “ရွပ်ရွပ်ချွံချွံတို့၊ ဘတစ်ပြန်ကျားတစ်ပြန်” တို့ ဆိုတဲ့စကားလုံးတွေက စစ်မြေပြင်က ခြင်းကြားတပ်တွေမှာ လုံးဝ မရှိပါ ဘူး။ ဇော်မင်းထွန်းရဲ့ ပါးစပ်နဲ့ သတင်းထုတ်ပြန်ချက်တွေထဲမှာပါတဲ့ “အဆံမဲ့ ကြွားလုံး”တွေပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်မိန့်ခွန်းထဲမှာ MNDAA ရဲ့ တိုက်ခိုက်မှုနောက်ကွယ်မှာ တရုတ်နိုင်ငံက ကြီးကြီးမားမား အကူအ ညီပေးနေတယ်ဆိုတာကို ဗြောင်ပြောနေတာပါ။ “တရုတ်နိုင်ငံ” ဆိုတဲ့ အမည်နာမ အတိအလင်း မဖော်ပြသေးတာပဲ ရှိပါတယ်။

တရုတ်ရဲ့သဘောထားအခြေခံက တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်စဲကြပြီး အင်အားစု အားလုံး မျက်နှာချင်း ဆိုင် တွေ့ဆုံဆွေးနွေးစေချင်တဲ့ သဘောထားလို့ ထင်မြင်ယူဆရပါတယ်။ အာဆီယံက ပန်ကြားနေတဲ့ ဖြေရှင်းနည်းကို လည်း တရုတ်က မူအရ လက်ခံတဲ့သဘောမျိုးရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက ခေါင်းမာပြီး “ရွေးကောက်ပွဲ” ဆိုတာကို တဇွတ်ထိုးလုပ်နေတာပါ။ ရွေးကောက်ပွဲလမ်းကို လျှောက်ဖို့ဆိုတာ ကြာလေ ကြာလေ အခြေအနေက ပိုမိုကျဉ်းကြပ်လာလေဖြစ်နေတာကို မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စု “၆လသက်တမ်း” တစ်ကြိမ်တိုးတိုင်း သိလာနေရတဲ့ အနေအထား မဟုတ်ပါလား။

မင်းအောင်လှိုင်အနေအထားက ကြာလေကြာလေ ဆုပ်စူးစားရူးဖြစ်နေတာပါ။ အခုဆိုရင် “လားရှိုးမြို့နဲ့ (ရမခ) စစ်တိုင်းဌာနချုပ်ကို လက်လွှတ်လိုက်ရတဲ့အဖြစ်” အတွက် တရားခံရှာတဲ့အခါမှာ သူစိတ်ကြိုက်ခန့်ထားတဲ့ တိုင်းမှူးနဲ့ စစ်ဗိုလ်ချုပ်တချို့ကို ဖြုတ်ထုတ်အရေးယူပြီး ပြည်ပ(တရုတ်ပြည်)ကို လက်ညှိုးထိုးနေပြန်တယ်။

စခန်းကုန်လမ်းကုန်စကား ပြောရမယ်ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့ စကား ပြောဖို့တောင် မင်းအောင်လှိုင်မှာ ခွန်အားရှိပုံမပေါ်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲက စကားပြောမယ်ဆိုရင် လည်း မင်းအောင်လှိုင်ဖို့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်နေမှာပါ။ ၂၀၀၈ အခြေခံဥပဒေ ဘေးချိတ်ပြီး စကားပြောဖို့ဆိုတာကျတော့လည်း (စကစ)စစ်အုပ်စုက ကြေညာထားတဲ့ “ရှေ့လုပ်ငန်းစဉ် (၅)ရပ်” ဆိုတာကို ကိုယ်တိုင် ဆုတ်ဖြဲပစ်ရတော့မှာပါ။ စစ်မြေပြင်မှာလည်း ခြင်းကြားတပ်က ရှုံးပွဲအလီလီနဲ့ မဟုတ်လား။

ဒီတော့ (စကစ)စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေကို ဦးတည်ရန်သူအဖြစ် တော်လှန်တိုက်ခိုက်နေတဲ့ အင်အား စုတွေအနေနဲ့ ယခုအခြေအနေထက် တစ်ဆင့်တိုးပြီး ညီညွတ်လာကြမယ်။ ယခုအနေအထားထက်ပိုပြီး အချိတ်အ ဆက်ရှိရှိနဲ့ မိမိဦးတည်ရာစစ်မျက်နှာကနေ ခါးပိုက်ဆောင်တပ်တွေကို ထိထိမိမိတိုက်ခိုက်လာကြမယ်ဆိုရင် မင်းအောင် လှိုင်နဲ့ (စကစ)စစ်အုပ်စုရဲ့ အနေအထားဟာ ပိုမို ယိမ်းယိုင်လှုပ်ခါလာတော့မှာ အသေအချာပါပဲ။

ကျနော်တို့ တော်လှန်ရေးအင်အားစုများရဲ့ သွေးစည်းညီညွတ်မှုနဲ့ ထိမိတဲ့ တိုက်စွမ်းအားက စစ်အုပ်စုကို ကြီးကြီးမားမား ပြောင်းလဲသွားစေပါလိမ့်မယ်။

ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ အရင်းခံရည်မှန်းချက်က (စကစ)စစ်အုပ်စု “ခေါင်း”လောက်ပဲ ပြောင်းလဲပစ် ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ဖြစ်တယ်ဆိုတာကို ဘယ်လိုအနေအထားမှာပဲဖြစ် ဖြစ် ယိမ်းယိုင်တာတွေ၊ တွေဝေတာတွေ၊ ချောတောငေါ့တာတွေ မဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။