Home သတင်း နယ်စပ်အနီး အခြေချရန် စစ်ကောင်စီ စစ်ကြောင်းထိုး၊ လေးကေကော်အနီး တိုက်ပွဲဖြစ်

နယ်စပ်အနီး အခြေချရန် စစ်ကောင်စီ စစ်ကြောင်းထိုး၊ လေးကေကော်အနီး တိုက်ပွဲဖြစ်

641
Photo: Crd.

ဩဂုတ် ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်တွင် အခြေချတပ်စွဲနိုင်ရန် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုး တိုက်ခိုက်မှု ကြောင့် ယခုလဆန်းမှ လက်ရှိအချိန်ထိ ထီးမူးထ၊ ရသေ့ဂူ၊ ကျောက်ဂူနှင့် လေးကေကော်မြို့သစ်အနီးတွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၊ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု နယ်မြေစစ်ရေးသတင်းအရင်းမြစ်များက ပြောသည်။

ယခုလို စစ်ကြောင်းထိုးရခြင်းသည် နယ်စပ်ကျေးရွာများတွင် KNLA နှင့် PDF များ အခြေမချနိုင်ရန်နှင့် ကရင် နယ်ခြားစောင့်တပ်တို့ အခြေချတပ်စွဲနိုင်ရန်ရည်ရွယ်သည်ဟု ကြားသိရကြောင်း နယ်မြေစစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။

“မြဝတီမှာက စစ်တပ်စစ်ကူတွေ တပ်ဖျောက်နေတာ အများကြီး ရှိတယ်။ အဲ့တာတွေအခု အတွင်းကွင်းကလေး၊ ထီမူးထ၊ တုံးတံတား၊ လေးကေကော်၊ ရသေ့ဂူဘက်ကို စစ်ကြောင်းတွေ BGF နဲ့ ပေါင်းပြီး ဝင်တာမျိုး လုပ်မယ်ပေါ့၊ အခုကတော့ တစ်ပတ်လောက်ရှိပြီ၊ ရွာဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ထုနေတာ၊ ရွာသား ထိခိုက်တာရှိ နေတယ်၊ KNU၊ PDF တွေနဲ့ ပစ်သံကြား နေရတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ဩဂုတ် ၈၊ ၉ ရက်တွင် ထီးမူထ ကျေးရွာဘက်သို့ လေးကေကော် စစ်ကောင်စီ အမြောက်ကုန်းက လက်နက်ကြီး ပစ်ကူ ပစ်ခတ်သည့်အတွက် ဒေသခံ ကျေးရွားသားများ လက်နက်ကြီး အစမှန် ဒဏ်ရာရသူနှင့် သေဆုံးသူ ရှိခဲ့ကြောင်း ကနဦးသိရသည်။

အလားတူ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့တို့က KNLA မဟာမိတ် တပ်များသိမ်းပိုက် ထားသည့် သင်္ဃန်းညီနောင် ဗျူဟာ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းများအား ပြန်သိမ်းရန် စစ်ရေးလှုပ်ရှားနေ သည်ဟု သတင်းများထွက်ပေါ် လျက်ရှိသည်။

ထို့အပြင် ကော့ကရိတ် မြို့ နယ်အတွင်း စစ်ဆင်ရန် ရောက်ရှိနေသည့် အောင်ဇေယျ စစ်ကြောင်း ပြန်ဆုတ်သွားပြီး ဟု သတင်းများထွက်ပေါ် နေသော်လည်း မြဝတီ မြို့ ပြင် နေရာများနှင့် အာရှလမ်းသစ်လမ်းပိုင်း နေရာများသို့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းများ နည်းဗျူဟာ အမျိုးမျိုးဖြင့် တိုက်ခိုက်မှု ဆက်ရှိနေပြီး နှစ်ဖက် ထိခိုက်သေဆုံး ဒဏ်ရာ ရရှိသူများ ရှိနေသည်ဟု ခိုင်လုံသည့် မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။