Home သတင်း အနန်းကွင်း၊ တံခွန်တိုင် တပ်စခန်းသို့ လေယာဉ်နှင့်သာ ရိက္ခာထောက်ပို့ လုပ်ဆောင်နေရ

အနန်းကွင်း၊ တံခွန်တိုင် တပ်စခန်းသို့ လေယာဉ်နှင့်သာ ရိက္ခာထောက်ပို့ လုပ်ဆောင်နေရ

589
Photo: CJ

ဩဂုတ် ၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/ တပ်မဟာ (၆) နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း၊ တံခွန်တိုင် စစ်ကောင်စီတပ်စခန်းများကို မြေပြင်ထောက်ပို့ လုပ်ဆောင်၍ မရသည့်အတွက် လေယာဉ်ဖြင့်သာ ရိက္ခာပို့ဆောင်နေသည်ဟု မြေပြင်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တာဝန်ရှိသူများက ပြောသည်။

ဒေသအတွင်းရှိ မြေပြင်ထောက်ပို့လမ်းကြောင်းများကို ၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက် ထားသည့်အတွက် လက်နက်၊ ခဲယမ်း၊ ရိက္ခာများကို စစ်ကောင်စီက လေယာဉ်ဖြင့် သာပို့ဆောင် နေခြင်းဖြစ်သည်ဟု မြေပြင်ရှိ KNLA စစ်ရေးအရင်းအမြစ်က ယခုလိုပြောသည်။

“သူတို့ လမ်းလျှောက် တက်လာလို့မရဘူး။ ကားနဲ့လည်းလာလို့မရဘူး။ ကျနော်တို့ ဘက်ကတော့ ကြားဖြတ်စောင့် ထားတယ်။ အဲဒါကြောင့် လေယာဉ်ထောက်ပို့နဲ့ပဲ သူတို့သုံးတာပေါ့။ ပြီးတော့ သူတို့စခန်းအနီးအနားတွေမှာလည်း ကျနော်တို့ဘက်က အမြဲအဆင်သင့်စောင့်ထားတယ်။ တစ်ခါတလေ နှစ်ဖက်ပစ်ခတ်တိုက်မှုတော့ ရှိတယ်။ အခု ရက်ပိုင်းတော့ ပစ်ခတ်တာသိပ်မရှိဘူး၊ ဒါပေမယ့် ထောက်ပို့လေယာဉ်တွေကတော့ ရောက်လာတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဩဂုတ် ၅ ရက်နေ့က အနန်းကွင်း စစ်ဗျူဟာ (၂) စစ်စခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းပါသည့် အထုပ်များကို လေယာဉ်နှင့် ၂ ကြိမ်တိုင် လာရောက်ပစ်ချ ပို့ဆောင်ပေးခြင်းရှိသလို ထိုနေ့တွင် တံခွန်တိုင် ဇီးဖြူကုန်းရှိ စစ်စခန်း အတွင်းသို့ လက်နက်၊ ခဲယမ်း၊ ရိက္ခာထုပ်များ လာရောက်ပို့ဆောင် ပေးခြင်းရှိကြောင်း မြေပြင်စစ်ရေး သတင်း အရင်းအမြစ် ကပြောသည်။

အဆိုပါ စစ်ကောင်စီ၏ တပ်စခန်းများသည် ၎င်းတို့တပ် စခန်းများကို ကာကွယ်ထားရန် အနီးအနားကျေးရွာများသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသလို KNLA ပူးပေါင်းတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခြင်းများလည်း ရှိကြောင်း သိရသည်။

ထို့အပြင် လက်ရှိ အနန်းကွင်းနှင့် လွတ်ရှမ်းကျေးရွာများတွင် စစ်ကောင်စီတို့ စခန်းချတပ်စွဲနေထိုင်ခြင်း ရှိသည့် အတွက် ဒေသခံများ လနှင့်ချီ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင် သေးသလို ကျေးရွာအတွင်းရှိ လူနေအိမ်များလည်း မီးလောင် ထိခိုက်ပျက်ဆီးသွားခြင်းများ ရှိကြောင်းသိရသည်။