ဩဂုတ်လ ၇ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် (၄) ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
(၁၀၂၇) စစ်ဆင်ရေး ပထမလှိုင်းတွင် (TNLA)မှ သိမ်းယူထားသည့် ကွတ်ခိုင်မြို့ပေါ်ကို ပြီးခဲ့သည့် ဩဂုတ် လ (၅) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် (၄) ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားသေဆုံးမှုများရှိကြောင်း ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “သေသွားတဲ့သူတွေက နေရာမှာတင် ဗုံးထိပြီး သေဆုံးသွားတယ်။ ကျား၊မတွေကို သေချာမသိရသေးဘူး။ လာချတဲ့နေရာက ဈေးဆိုတော့ ဆိုင်ခန်းတော်တော်များများ ပါသွားတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
လေကြောင်းမှ ပေါင်(၅၀၀)ဗုံးဖြင့် (၄)ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၆)ဦးနေရာမှာတင် ဗုံးထိမှန်သေဆုံးခဲ့ပြီး(၁၀)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း (၄၀၁)ခန်း မီးလောင် ပျက်စီး သွားပြီး အရပ်သား နေအိမ် (၁၀)လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲချမှုကြောင့် မီးလောင်သွားသည့် မြို့မစျေးကိုလည်း PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ် တပ်ဖွဲ့မှ မီးငြိမ်းသတ်ခဲ့ရပြီး စျေးအတွင်း ပစ္စည်းများခိုးဆိုးလုယက်မှုများ မရှိစေရန်အတွက်ပါ လုံခြုံရေးရယူပေးခဲ့ရကြောင်း TNLA ဘက်က ဆိုသည်။
ယခုလိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့မှလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မြို့၊ ရွာများတွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် ဝိုင်းဝန်းတားဆီး ဟန့်တားပေးရန် တရုတ်နိုင်ငံကို အဓိကထားပြီး နိုင်ငံတကာမိသားစုများကို တောင်းဆိုကြောင်း ကိုးကန့် (MNDAA)၊(TNLA) နှင့် ရက္ခိုင်တပ်တော် (AA) တို့က စုပေါင်းကြေညာချက် ထုတ်ပြန်တောင်းဆိုးထားသည်။



















